၁။ လေအဝှေ့မှာ ကစဉ့်ကလျား
၂။ အရိပ်
၃။ တွင်း
၄။ စိတ်လှသူ
၅။ အကောင်းဆုံးသော အမဲလိုက်နည်း
သူငယ်ချင်းဆက်ဆံရေးတွေဟာလည်း ချစ်သူရည်းစားဆက်ဆံရေးတွေလို အလားတူပဲ အရေးပါကြတယ်။ တခါတလေမှာ သူငယ်ချင်းဆက်ဆံရေးတွေကတောင် ပိုအရေးပါနေနိုင်သေးတယ်။ ကျွန်တော့်မှာ ဒီလိုကောက်ချက်ချနိုင်လောက်အောင် ဘဝအတွေ့အကြုံတွေမများသေးသလို ပညာရပ်သဘောဆိုင်ရာဥပဒေသတွေနဲ့ကောက်ချက်ဆွဲထားတာလည်းမဟုတ်ပြန်ဘူး။ ဒါတွေဟာ ကျွန်တော့်ရဲ့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ စိတ်ဝိဉာည်ကြောင့်လည်း ဖြစ်နေနိုင်တယ်။ သူငယ်ချင်းတွေကြားမှာ လူမှုပါတ်ဝန်းကျင်ကသတ်မှတ်ပေးထားတဲ့ တိကျသေချာတဲ့ တည်ဆောင်မှုတွေကင်းမဲ့ခြင်းကလည်း သူငယ်ချင်းဆက်ဆံရေးဟာအရေးပါမှုကင်းမဲ့နေသယောင်ဖြစ်နေစေတယ်လို့ ခံစားရတယ်။ ဒါတွေဟာ မဖြစ်မနေလိုအပ်နေတာတွေလို့တော့မထင်ပါဘူး။ ကျွန်တော့်လိုမျိူး အဖြေတစ်ခုကိုကြိုးစားရှာဖွေနေပေမဲ့ လက်လှမ်းမမှီနိုင်ဖြစ်နေတဲ့အခါမျိုးမှသာ ဒါတွေကို အပြစ်တင်မိကြမယ်ထင်တယ်။
ရန်ကုန်တက္ကသိုလ် စာပေအသင်းမှာ သူ့ကို ပထမဆုံးစတွေ့ခဲ့ကတည်းက သူဟာကျွန်တော့်ရဲ့ သူငယ်ချင်းဖြစ်လာလိမ့်မယ်ဆိုတာ သိနေခဲ့တယ်။ အခုလက်ရှိအတိုင်းအတာအထိ ရင်းနှီးလာလိမ့်မယ်လို့သာ အဲဒီအချိန်တုန်းကမသိခဲ့တာ။ သူငယ်ချင်းဆိုတာ ကျွန်တော်ပြောချင်သမျှစကားတွေကို စဉ်းစားစရာမလိုဘဲပြောလို့ရတဲ့သူလို့ထင်တယ်။ ကျွန်တော့်ကို ဘယ်လိုထင်သွားမလဲဆိုတာကို မတွေးမိလောက်အောင် သက်သောင့်သက်သာဖြစ်စေတဲ့ ကျွန်တော့်ကိုလက်ခံပေးနိုင်လိမ့်မယ်လို့ ယုံကြည်ရတဲ့သူမျိုးပေါ့။ သူကို ကျွန်တော် ယုံကြည်သလို ကျွန်တော်ပြောသမျှစကားတွေဟာ သူ့အတွက် ထူးဆန်းနေလေ့မရှိဘူး။ ဥပမာ ကျွန်တော်က ကျွန်တော်သာ Sylvia Plath ဖြစ်ခဲ့ရင် Oven ထဲ ခေါင်းထိုးထည့်ပြီး သတ်သေဖြစ်လိမ့်မယ်မထင်ဘူး။ ကြောက်စရာကောင်းလွန်းတယ် လို့ပြောရင် သူက ကျွန်တော့်ကို ထူးဆန်းတဲ့သူတစ်ယောက်လို ကြည့်မှာမဟုတ်ဘူး။ သူဘယ်တုန်းကမှ ကျွန်တော့်ကို အဲဒီလိုကြည့်လေ့မရှိပါဘူး။ အဲဒီအစားသူက ခဏစဉ်းစားပြီး တစ်ခုခုကိုပြန်ပြောလိမ့်မယ်။ ကျွန်တော်သဘောအကျဆုံးက ကျွန်တော်ပြောသမျှအားလုံးကို သူသိနေတာပဲ။ Renaissance ခေတ်က အနုပညာတွေ အကြောင်းပဲပြောပြော Isabelle Huppert ရဲ့ ရုပ်ရှင်တွေအကြောင်းပဲပြောပြော သူ့မှာ လိုက်လျောညီထွေတဲ့ တုန့်ပြန်မှုကအဆင်သင့်ရှိနေတာပဲ။ တစ်ခါက Mona Lisa ပန်းချီကားက overrated ဖြစ်နေတယ်ဆိုပြီး Blogger တစ်ယောက်ပြောသွားတုန်းက သူက ဟုတ်ရင်လည်းဟုတ်မှာပေါ့။ သေချာပေါက်တော့ပြောလို့ မရဘူး လို့ထင်တာပဲလို့ပြောခဲ့ဖူးတယ်။ ပြီးတော့ ကျွန်တော့်မျက်လုံးကို တစ်ချက်ကြည့်ပြီး Mona Lisa ပန်းချီကားက အခိုးခံလိုက်ရတဲ့ အချိန်တစ်ခုရှိခဲ့ဖူးတယ်။ အဲဒီတုန်းက Mona Lisa ပန်းချီကားကို ပြန်ရဖို့ နေရာတိုင်းမှာ ပန်းချီကားပုံနဲ့အတူ စာတွေကပ်ကြတယ်။ သတင်းစာတွေမှာလည်း ပန်းချီကားပုံနဲ့ ကြေညာတွေ အချိန်အတော်ကြာအောင်ထည့်ခဲ့ကြတယ်။ အဲဒါတွေသာမရှိခဲ့ရင် ဒီပန်းချီကားဟာ လူတိုင်းသိလောက်တဲ့အထိကျော်ကြားတဲ့ ပန်းချီကားမျိုး ဖြစ်လာပါ့မလားဆိုတာ မသေချာဘူး။ ဖြစ်လာရင်လည်းဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ မဖြစ်လာနိုင်တဲ့ ရာနှုန်းလေးရှိနေတာကိုလည်း မေ့ထားလို့မရဘူး မဟုတ်လား။
သူက အနက်ရောင်နဲ့ အရောင်ခပ်မှိုင်းမှိုင်းတွေကို ဝတ်လေ့ရှိတယ်။ အောက်ခြေမှာခပ်ဝိုက်ဝိုက်ကျတဲ့ မျက်မှန်ရဲ့အပေါ်မှာ သူ့ရဲ့ထင်ရှားတဲ့မျက်ခုံးတွေကို သတိထားမိနိုင်တယ်။ ခပ်လိမ်လိမ် အနည်းငယ်ရှည်တဲ့ဆံပင်နဲ့အတူ ထင်ရှားတဲ့မေးရိုးတွေက ချောတယ်လို့ပြောလို့မရရင်တောင် ကြည့်ရတာအဆင်ပြေတဲ့သူတစ်ယောက်ဖြစ်စေတယ်။ သူစဉ်းစားတဲ့အခါမှာ သူ့ရဲ့လက်ညှိုးထိပ်လေးကို မေးရိုးနားလောက်မှာ ခပ်ဖွဖွလေးထောက်ထားတတ်လေ့ရှိတယ်။ ပထမဆုံးအကြိမ်သူ့ကိုတွေ့တုန်းက သူက ဖိနှိပ်ခံလိင်အခြေပြုဝါဒဟာ လူဖြူအမျိုးသမီးတွေကြားမှာ ပုံဖျက်ခံနေရပြီး အခွင့်ထူးခံထားပြီးသားဖြစ်တဲ့လူဖြူအမျိုးသမီးတွေရဲ့ အကျိုးစီးပွားကိုပဲထောက်ပံ့ပေးနေတဲ့အကြောင်းရယ်၊ အဲဒါကြောင့် girl boss culture ကို သူသဘောမကျတဲ့အကြောင်းတွေရယ်ကို ပြောနေတာကြားမိတယ်။ သူက စကားပြောရင် ဖြေးဖြေးအေးအေးပြောလေ့ရှိတယ်။ တစ်ယောက်ယောက်က သူ့ကို စကားဖြတ်ပြောသွားရင်တော့ သူပြောလက်စစကားကို ဆက်မပြောတော့ဘဲ ရပ်ပစ်လိုက်လေ့ရှိတယ်။ နောက်လည်းဘယ်တော့မှ ဆက်ပြောလေ့မရှိတော့ဘူး။ မိန်းကလေးတချို့က သူနဲ့အမြင်ချင်း မတိုက်ဆိုင်ကြဘူး။ စိတ်ဝင်စားစရာတော့ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံဆိုတဲ့ လေဆင်နှာမောင်းကြီးရဲ့ ရွေ့လျားမှုမရှိတဲ့ ဗဟိုချက်မှာနေပြီး ထီးလေးတွေကိုယ်စီနဲ့ လေအရှိန်လျော့အောင် မျှော်လင့်ရင်း လေအဝှေ့မှာပါမသွားမိစေဖို့ ကြိုးစားနေကြတဲ့သူတွေလို့ ခံစားရတယ်။ ကျွန်တော့်လို လူတွေသာများရင် ဒိုမီနိုအကျိုးသက်ရောက်မှုဟာ ဆက်ပြီးတော့တောင် အကျုံးဝင်ပါတော့ဦးမလားဆိုတာ သံသယဝင်မိတယ်။
ကျွန်တော်တို့ကြားက ဆက်ဆံရေးတွေဟာ ကျွန်တော့်ရင်ထဲက ခံစားချက်တွေအတွက်နဲ့ ပျက်ဆီးသွားကောင်းသွားနိုင်လောက်တဲ့အထိ အကျိုးသက်ရောက်စေဖို့ တန်ရဲ့လားဆိုတာ သံသယဝင်မိတယ်။ ဒါတွေကို လျှို့ဝှက်သိမ်းဆည်းထားမှုကရော ကျွန်တော်တို့နှစ်ယောက်ကြားမှာ ရိုးသားမှုမရှိတော့ဘူးလို့ ပြောလို့ရနိုင်နေလိမ့်မလား။ ကျွန်တော်တို့နှစ်ယောက်ဆက်ဆံရေးရဲ့ အပြင်ဘက်မှာဆိုရင်လည်း တစ်ယောက်အိမ်တစ်ယောက်ဝင်ထွက်နေကြတဲ့အထိ ရင်းနှီးနေကြပြီ။ သူက အမေ မရှိတော့ဘူး။ သူ့အဖေနဲ့သူနဲ့ နှစ်ယောက်ပဲ။ မောင်နှမလည်း မရှိဘူး။ ကျွန်တော်ကတော့ အဖေရော အမေရော ရှိသလို သင်္ဘောလိုက်သွားတဲ့ ကျွန်တော့်အကိုတစ်ယောက်လည်း ရှိတယ်။ ကျွန်တော့်ရင်ထဲက ခံစားချက်တွေဟာ ကြမ်းတမ်းစွာဝေ့ယမ်းနေကြတဲ့မီးတောက်တွေလို လောင်ကျွမ်းနေကြပေမဲ့ ကျစ်ကျစ်တောက်ပူနေတဲ့ နေအလင်းရောင်အောက်က မမြင်သာတဲ့မီးတောက်တွေလို သူတစ်ပါးသိသာစေဖို့အတွက်တော့ ခက်လှတယ်။ သူသာ သိခဲ့ရင် ဘယ်လိုတုန့်ပြန်လိမ့်မလဲဆိုတာကလည်း ထပ်တိုးထည့်တဲ့လောင်စာတွေလို ကျွန်တော့်ရဲ့ပူလောင်မှုတွေကိုပဲ တိုးလာစေပြန်တယ်။
သူ့ရဲ့ ကိုယ်ပေါ်မှာ ရေမွှေးနံ့မဟုတ်တဲ့ ချွေးနံ့ဆန်ဆန် အနံ့တစ်မျိုးရှိတယ်။ တစ်ခါ သူ့အိမ်မှာ ရုပ်ရှင်ကြည့်ရင်း သူ့ရဲ့ပုခုံးပေါ်ခေါင်းကိုခဏမှီလိုက်ပြီး မျက်နှာကိုအောက်နည်းနည်းချကာ သူ့ကိုယ်ကအနံ့ကို မသိမသာလေးရှူကြည့်မိတယ်။ အဲဒီနောက်ပိုင်းကစပြီး သူ့ကိုယ်နံ့ကို ကျွန်တော်မှတ်မိနေတော့တာပဲ။ သူ့ရဲ့ ဝတ်ပြီးသားအဝတ်အစားတွေမှာလည်း အဲဒီအနံ့ကို ရနိုင်တယ်။ အဲဒီနေ့က ကျွန်တော်တို့ကြည့်ဖြစ်တာက American Beauty ဆိုတဲ့ ရုပ်ရှင်။ အဲဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်က သူ့ဘဝကို မပျော်ရွှင်တော့ဘဲ Mid-life crisis ဖြစ်နေတဲ့သူတစ်ယောက်။ ကျွန်တော်က သူ့ကို ဘဝအဓိပ္ပါယ်အပေါ် လက်ခံထားကြတဲ့ပုံစံတွေပေါ်မူတည်ပြီး နာမည်တွေခွဲထားတာ စိတ်ရှုပ်စရာကောင်းတယ်မထင်ဘူးလား။ မင်းကရော ဘယ်လိုလက်ခံထားလဲ ဆိုတော့ 'ကိုယ့်ကိုယ်ကိုသတ်မသေမိအောင်လုပ်နေသမျှ အားလုံးက ဘဝရဲ့အဓိပ္ပါယ်ပဲ' ဆိုတာက အနီးစပ်ဆုံးဖြစ်လိမ့်မယ်ထင်တယ် လို့ပြောတယ်။ ကျွန်တော်က အဲဒီအယူအဆ အရဆို အဓိပ္ပါယ်မရှိသေးတဲ့ဘဝကို ကိုယ့်ဖာ့သာဖန်တီးထားတဲ့ အဓိပ္ပါယ်တစ်ခုပေးလိုက်တဲ့သဘောလား။ အဲဒါက ရယ်စရာမကောင်းဘူးလား။ အဓိပ္ပါယ်မရှိတဲ့ကိစ္စတစ်ခုမှာ ကိုယ်ဖန်တီးထားတဲ့အဓိပ္ပါယ်တစ်ခုကို ပစ်ထည့်လိုက်တာနဲ့ အဲဒါတစ်ခုလုံးက အဓိပ္ပါယ်ရှိသွားရောလား။ သူက လက်ညှိုးလေးကို မေးစေ့နားထောက်ရင်း လူတွေက ဘာလို့ ဘဝအဓိပ္ပါယ်အပေါ်မှာ စွဲလမ်းနေကြတာလဲ။ ဒီတိုင်းပဲ အသက်ရှင်နေလို့မရဘူးလား။ မသေချင်သေးမချင်း။
သူတို့အိမ်မှာ နံရံကပ်ထားတဲ့ စာအုပ်စင်ကြီးတစ်ခုရှိတယ်။ စာအုပ်တွေလည်း တော်တော်များများပါပဲ။ တချို့က အဖုံးအထူကြီးကိုမှ ရွှေရောင်ကနုတ်ပန်းတွေနဲ့။ အဲဒီအရှေ့မှာတော့ မဟော်ဂနီရောင် စာကြည့်စားပွဲကြီးတစ်လုံးရှိတယ်။ ဖုန်တချို့တက်နေပေမဲ့ ဆိုးဆိုးဝါးဝါးတော့ မဟုတ်လှဘူး။ ဖုန်တွေကို လက်ညှိုးထိပ်လေးနဲ့ အတန်းလိုက်ဆွဲချလိုက်ရင် ခပ်ရေးရေး အစင်းကြောင်းလေးတွေကို မြင်ရတယ်။ Virginia Woolf, Margret Atwood, Jane Austen, Toni Morrison, Agatha Christie, Emily Bronte, Doris Lessing, Sylvia Plath, Emily Dickinson တို့ရဲ့ စာအုပ်တွေ အများကြီးပဲ။ ထူးခြားတာက ပြင်သစ်အမျိုးသမီးတွေးခေါ်ပညာရှင် Simone De Beauvoir ရဲ့ The second sex ဆိုတဲ့စာအုပ်ကို အကန့်တစ်ခုမှာ တစ်အုပ်တည်းထီးထီးကြီး စာအုပ်အဖုံးကို ရှေ့မှာထားပြီးပြထားသလို တင်ထားတာပဲ။ စာအုပ်ကြီးက အထူကြီးနဲ့ အဖုံးကလည်း စက္ကူအမာသားနဲ့ ခန့်ခန့်ထည်ထည်ကြီး တစ်ထီးတည်းရှိနေတယ်။ လက်သည်းထိပ်လေးနဲ့ စာအုပ်အဖုံးကိုခပ်ဖွဖွလေးခေါက်လိုက်တဲ့အခါမှာ ဖုန်တချို့က ဝှေ့ခနဲခဏတာ ပျံလွှားပြီး အောက်ခြေကိုခဆင်းသွားကြတယ်။ စာအုပ်ကြီးဆီကနေ ပျှော်ရွှင်စွာနှုတ်ဆက်ပြီး မွေးရပ်မြေဆီထွက်ခွာသွားကြသလိုမျိုး။
သူက စာဖတ်တဲ့အလေ့အကျင့်ကို သူ့အမေဆီကနေရခဲ့တယ်ဆိုတာသိပေမဲ့ သူ့အမေကိုတော့ အပြင်မှာတစ်ခါမှ မတွေ့ဖူးဘူး။ တစ်ခါသူပြဖူးတဲ့ ဓါတ်ပုံထဲမှာပဲ မြင်ဖူးတယ်။ သူ တက္ကသိုလ်မတက်ခင်ကတည်းက သူ့အမေက ဆုံးသွားခဲ့ပုံရတယ်။ သူ့အမေက ပိန်ပိန်ပါးပါးနဲ့ ခပ်တည်တည်ပုံစံမျိုးရှိပေမဲ့ သဘောကောင်းမယ်ဆိုတာသေချာသိနေစေတဲ့ ပုံပန်းသွင်ပြင်မျိုး။ သူ့အမေရဲ့ ဓါတ်ပုံကိုပြတဲ့အချိန်တုန်းက သူ့ရဲ့ချွတ်ထားတဲ့ မီးခိုရောင်နားကျပ်ကနေ Gang of Youths ရဲ့ Achilles, come down သီချင်းကို တိုးတိုးလေးကြားနေရတာမှတ်မိသေးတယ်။ သူက အဲဒီသီချင်းကို မကြာခဏနားထောင်လေ့ရှိတယ်။ အဲဒီသီချင်းကို နားထောင်တိုင်း သူ့ရဲ့ earphones ကို အသံကျယ်လိုက်လေ့ရှိတယ်။ သူက Sufjan Stevens ရဲ့ Fourth of July သီချင်းကိုလည်း စွဲစွဲမြဲမြဲနားထောင်လေ့ရှိတယ်။
'အမေတို့ လမင်းကြီးကို ကြည့်သင့်ပြီလား။ အမေ့ရဲ့ တင်ကြီးငှက်ကလေးရယ်။
ဘာလို့များ ငိုနေရတာလဲ။
ဘဝကြီးကို အကောင်းဆုံးဖြတ်သန်းလိုက်၊ အချိန်တွေရှိနေတုန်း။
မီးစာတွေကျန်နေသေးတုန်း။
အိုကွယ်။ သား စကားတွေ လုံလောက်အောင်ပြောခဲ့ပြီးပါပြီ။
အမေ့ရဲ့ သိန်းငှက်ငယ်လေးရယ်.. ဘာလို့များ ငိုနေရတာလဲ။
Tillamook မီးလောင်မှုကြီးကနေ သားဘာတွေများ လေ့လာခဲ့သလဲ အမေ့ကိုပြောစမ်းပါဦး။
ဒါမှမဟုတ် ဇူလိုင်လ ၄ရက်နေ့ကပဲဖြစ်ဖြစ်ပေါ့။
အမေတို့ အားလုံး သေကြရမှာပဲကွယ်။
အမေတို့ အားလုံး သေကြရမှာပဲကွယ်။
အမေတို့ အားလုံး သေကြရမှာပဲကွယ်။
အမေတို့ အားလုံး သေကြရမှာပဲကွယ်။
အမေတို့ အားလုံး သေကြရမှာပဲကွယ်။
အမေတို့ အားလုံး သေကြရမှာပဲကွယ်။
အမေတို့ အားလုံး သေကြရမှာပဲကွယ်။
အမေတို့ အားလုံး သေကြရမှာပဲကွယ်။'
အိမ်မက်ထဲမှာ မြက်ပင်ရှည်တွေဟာ နှင်းစက်တွေကြားမှာ ဘလိတ်ဓါးတွေလို ပြတ်ရှနေကြတယ်။ နေရောင်ဟာ ကျစ်ကျစ်တောက်ပူနေပြီး ကျွန်တော့်တစ်ကိုယ်လုံးဟာချွေးတွေရွှဲစိုနေတယ်။ ကျွန်တော့်ရဲ့ လက်နှစ်ဖက်က သူ့ရဲ့ ပျော့ခွေကျနေတဲ့ခန္ဓာကိုယ်ကို အလျားလိုက်ပွေ့ချီထားတယ်။ သူ့ရဲ့ဖြူဖျော့သွယ်လျနေတဲ့လက်ချောင်းလေးတွေဟာ အသက်မရှိတော့တဲ့လူတစ်ယောက်လို၊ ကြိုးတွေအဖြတ်ခံလိုက်ရတဲ့ရုပ်သေးရုပ်တစ်ရုပ်လို တွဲလောင်းကျနေတယ်။ လက်ညှိုးထိပ်ကနေ နီရဲနေတဲ့သွေးတွေက တစ်စက်စက်ကျနေကြတယ်။ သူ့ရဲ့ ဦးခေါင်းက မြေပြင်ရဲ့ဆွဲအားဆီဦးတည်နေပြီး ကျွန်တော့်ရဲ့လမ်းလျှောက်နေတဲ့စီးချက်နဲ့အတူ လှုပ်ရှားနေတယ်။ ကျွန်တော့်ရဲ့ဖိနပ်တွေဟာ မြက်ပင်ရှည်တွေကို ဖိနင်းရင်း ရှေ့ကိုတိုးသွားနေပြီး သူ့ရဲ့တွဲလျောင်းကျနေတဲ့ ခြေထောက်တွေဟာ မြက်ပင်တွေကြားမှာ ပွတ်တိုက်သွားနေတဲ့အသံကို ထင်ထင်ရှားရှားကြားနေရတယ်။ ကျွန်တော့်စိတ်ထဲမှာ အတိုင်းအဆမဲ့တဲ့ ဝမ်းနည်းမှုတစ်မျိုးဟာ လှိုက်စားနေတယ်။ အကျယ်ကြီးအော်ငိုချလိုက်ချင်ပေမဲ့ သွားကိုတင်းတင်းစေ့ပြီး ထိန်းချုပ်လို့မရအောင် အဆက်မပြတ်ကျနေတဲ့ မျက်ရည်တွေကိုမကျတော့အောင်တင်းခံရင်း ရင်ထဲမှာ ဖော်ထုတ်ပြဖို့ခက်ခဲတဲ့တင်းကျပ်နာကျင်မှုတွေကို အံတုကာ တစ်လှမ်းပြီးတစ်လှမ်းလျှောက်တယ်။ တစ်နေရာမှာတော့ ကျွန်တော့်ညာဘက်ခြေထောက်ဟာ ဒူးဆစ်ကနေ ခေါက်ခနဲညွှတ်ခွေကာလဲကျသွားတယ်။ ကျွန်တော်နိုးလာတော့ ချွေးတွေ တဒီးဒီးကျနေတယ်။ အခန်းတံခါးကို သွားဖွင့်လိုက်တော့ အေးမြမြလေတွေက ဝူးခနဲ အခန်းထဲ တိုးဝင်လာတယ်။ ဖုန်းကို တချက်စစ်ကြည့်လိုက်တော့ Message တစ်စောင်ရောက်နေတယ်။
ဘာလုပ်နေလဲ။
ပို့ထားတာ လွန်ခဲ့တဲ့ ၃နာရီက။ ဖုန်းကိုပြန်ပိတ်ပြီး ဆံပင်တွေကို လက်နှစ်ဖက်နဲ့ဆွဲဆုပ်ပြီးခပ်တင်းတင်းဆွဲကာ သက်ပြင်းတစ်ချက်ချလိုက်မိတယ်။
တားမြစ်ထားတဲ့အရာတွေက ပိုပြီးစွဲဆောင်မှုရှိကြတယ်ဆိုတာ အလိမ်အညာတွေမဟုတ်မှန်း ကျွန်တော်သဘောပေါက်ခဲ့တာကြာပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်ကြားက လိင်ကိစ္စတွေကသိပ်ကိုအချိတ်အဆက်မိပြီး အရာအားလုံးကိုမေ့သွားစေလောက်အောင် အာရုံလွှဲထားနိုင်တယ်။ အဲဒီအချိန်မှာ သူ့ကို မေ့သွားသလို ကျွန်တော်နဲ့အတူနေနေတဲ့သူဟာ သူ့ရဲ့အဖေပါဆိုတာကိုလည်း မေ့သွားစေတယ်။ သူ့ရဲ့အဖေက အဲဒီအချိန်မှာ ကျွန်တော့်အတွက် ယောက်ျားတစ်ယောက်သက်သက်ပဲ။ ကျွန်တော့်ရဲ့ နှုတ်ခမ်းတွေကို စွဲလမ်းတက်မက်မှုအပြည့်နဲ့ နမ်းရှုတ်တတ်တဲ့ သာမာန်ယောက်ျားတစ်ယောက်ပေါ့။ ဒီလူဟာ ကျွန်တော့်အပေါ်လိုချင်တပ်မက်တဲ့စိတ်ရှိနေတယ်ဆိုတာကို သိနေရတာက ကျွန်တော့်ကိုပိုပြီး စိတ်ဝင်စားအောင်စွဲဆောင်နိုင်တယ်။ သူနဲ့ အတူအိပ်ဖို့လူတစ်ယောက်လိုအပ်နေတာမဟုတ်ဘဲ သူနဲ့ အတူအိပ်ဖို့ ကျွန်တော့်ကို လိုအပ်နေတယ်ဆိုတာက ကျွန်တော်ဟာ လိုချင်တပ်မက်တာကိုခံရနိုင်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို အတည်ပြုပေးနေတယ်လို့ ခံစားရတယ်။ ဒီကိစ္စတွေဟာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုအကျိုးသက်ရောက်လာစေမလဲဆိုတာက ကျွန်တော့်အပေါ် အမြဲတမ်းလိုလို ဖိစီးနေတယ်။ ခိုက်ခိုက်တုန်အောင် ချမ်းအေးနေတဲ့ညတစ်ညမှာ အနွေးဓါတ်ကို ရှာဖွေလို့မရတာကြောင့် အရိုးထဲထိကျဉ်တက်နေစေတဲ့အေးစက်မှုကို အချိန်တိုင်းသေသေချာချာသိနေတဲ့ခံစားမှုမျိုး။
----------------------
အိပ်ခန်းထဲမှာ ဘယ်အရာနဲ့မှ သက်ဆိုင်မှုရှိမနေဘဲ တသီးတသန့်တည်းတည်ရှိနေတာ Frida Kahlo ရဲ့ ပုံတူ ပန်းချီကားပဲ။ ဒီပန်းချီကားဟာ ဆုံးသွားတဲ့သူ့အမျိုးသမီးရဲ့ ပန်းချီကားဆိုတာကို အလွယ်တကူသိနိုင်ပေမဲ့ သူဘာကြောင့်ဆက်ပြီး ချိတ်ဆွဲထားသေးလဲဆိုတာတော့ သိပ်ပြီးနားမလည်နိုင်ဘူး။ သူ့အမျိုးသမီးနဲ့သူနဲ့ကြားက ဆက်ဆံရေးအကြောင်း ကျွန်တော်မသိသလို သူကလည်း ဘယ်တုန်းကမှ ပြောမပြခဲ့ဘူး။ မက္ကဆီကိုပန်းချီဆရာမရဲ့ခေါင်းပေါ်မှာ ပန်းတွေရှိနေပြီး အရောင်တွေက တောက်ပတဲ့အရောင်တွေကို ခပ်မှိုင်းမှိုင်းဖြစ်အောင်လုပ်ထားတဲ့ပုံစံမျိုး။ တခါတလေမှာ ဒီအမျိုးသမီးက ကျွန်တော်တို့ကို ကြည့်နေသလိုခံစားရတယ်။ အဲဒါကြောင့် သူရှိနေတုန်းမှာ အဲဒီပန်းချီကားကို မကြည့်မိအောင် မျက်နှာလွှဲထားတတ်လေ့ရှိပေမဲ့ ဘယ်သူမှ မရှိတဲ့အချိန် အဲဒီအမျိုးသမီးနဲ့ ကျွန်တော် နှစ်ယောက်တည်းရှိနေတဲ့အခါမျိုးမှာ သူ့ရဲ့မျက်နှာကို စေ့စေ့ကြည့်နေမိတယ်။ အဲဒီအခါမှာ သူကလည်း စူးစိုက်စွာနဲ့ ပြန်ကြည့်နေတတ်တယ်။ ပန်းချီကားရဲ့ဘောင်တွေဟာ ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုကန့်သတ်ထားတဲ့ဘောင်တွေအလယ်မှာပျော်ဝင်သွားပြီး ကျွန်တော်တို့နှစ်ယောက်လုံးဟာ တူညီတဲ့ဖြစ်တည်မှုတစ်ခုတည်းအောက်မှာ တစ်ဖက်တစ်ချက်စီ ခပ်လှမ်းလှမ်းကနေ ကြည့်နေသလိုခံစားရတယ်။ သူမက ရယ်လည်း မရယ်သလို ပြုံးလည်း မပြုံးပြဘူး။ ဒါပေမဲ့ ထူးခြားစွာဆွဲဆောင်မှုရှိနေတဲ့ ပြတ်သားမှုတစ်မျိုးက စိတ်ဝင်စားစရာကောင်းအောင် ညှို့ယူနေတယ်။
ဖန်တီးထားတဲ့အပေါ်ယံအခွံတစ်ခုဟာ နှစ်ရှည်လများကြာလာတဲ့အခါမှာ ခန္ဓာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာလေသလား ကျွန်တော်မသိပါ။ Meryl Streep ကို သူမသိတာ ကျွန်တော်အပြစ်မတင်ပါ။ အပြစ်တင်စရာ အကြောင်းတစ်စုံတစ်ရာရှိပါတယ်လို့လည်း မထင်မိပေမဲ့ စိတ်ထဲမှာ နည်းနည်းတော့နေရခက်ခဲ့တာကို ဝန်ခံရပါလိမ့်မယ်။ Sophie's Choice ကို သူမသိသလို The hours ကိုလည်း မသိပါ။ The hours က Michael Cunningham ရဲ့ ဝတ္ထုကို အခြေခံထားတာဖြစ်ပြီး Virginia Woolf ရဲ့ Mrs Dalloway ဆိုတဲ့ ဝတ္ထုဆီမှတဆင့် သက်ရောက်ခြင်းကိုခံနေတဲ့ ကာလအပိုင်းအခြားသုံးခုက အမျိုးသမီး ၃ယောက်အကြောင်း ဆိုတာကိုပြောပြနေတုန်း Virginia ဆိုတာ Virgin မို့လို့ခေါ်တာလားဆိုပြီး ပြုံးစစမျက်နှာပေးနဲ့ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော် တစ်ချက်ပြုံးရုံသာ ပြုံးပြလိုက်ပြီး ဘာမှဆက်မပြောဖြစ်ပါ။ ကျွန်တော်သာ သူ့ကို ချစ်နေခဲ့ရင် သူ့ရဲ့အပြုအမူ၊ အပြောအဆိုတွေ အားလုံးကို ကျွန်တော် နားလည်ပေးနိုင်လောက်မယ်လို့ ထင်မှတ်မိပေမဲ့ အခုလက်ရှိအချိန်မှာတော့ သူ့အပေါ်နားလည်နိုင်စွမ်းမရှိပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းကို ရုတ်တရက်သတိရမိတော့ ကျွန်တော့်ရင်ထဲလှပ်ခနဲ ဖြစ်သွားပါတယ်။ မလုပ်သင့်မလုပ်ထိုက်တဲ့အရာတစ်ခုကို ခိုးကြောင်ခိုးဝှက်လုပ်နေစဉ် နောက်မှ လက်တို့ခံလိုက်ရတဲ့သူလို ခြောက်ခြားတုန်လှုပ်မှုတစ်မျိုးက ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ စီးဆင်းကာလှိုက်ခါသွားပါတယ်။
သူရဲ့ဘေးမှာ ရှိနေရတာဟာ အခြားဘယ်သူမဆိုရဲ့ဘေးမှာ ရှိနေတာနဲ့ ကွာခြားမှုမရှိတော့ဘူးလို့ခံစားရတဲ့အခါမှာ ကျွန်တော်တို့ကြားက ကြိုးမျှင်လေးဟာ သံချေးတက်စပြုနေပြီလို့ စပြီးခံစားမိတာပါပဲ။ ဒါပေမဲ့ သူဟာ ကျွန်တော့်ကို စွဲလမ်းနေတယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်းခံစားမိနေတယ်။ သူရဲ့ ရင်ခွင်ဟာ နွေးထွေးနေသလို သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လဲလျောင်းရတာဟာ လုံခြုံမှုအပြည့်ရှိနေသလို ခံစားရတယ်။ သစ်ရွက်တွေဘယ်လောက်ကြွေကြွေ သစ်ပင်အတွက်လိုအပ်တဲ့အာဟာရ ရနိုင်ရုံလောက်တော့ သစ်ရွက်တစ်ချို့ အမြဲလိုလို ကျန်ရှိနေတတ်သလိုပဲ ကျွန်တော့်နှလုံးသားပေါ်မှာ သူ့ခြေရာတွေက ခပ်ဖွဖွတော့ထင်ကျန်နေဆဲပဲ။ ကျွန်တော့်ရင်ကို ခပ်သဲ့သဲ့လှိုင်းခွပ်သံနဲ့အတူ လှုပ်ရှားအောင် ဆွဲစုပ်ယူနိုင်နေသေးတုန်းပဲ။ တခါတလေမှာ ကျွန်တော်ဟာ စိတ်ချလို့မရတဲ့ စာပို့ခိုတစ်ကောင်လို မှားယွင်းစွာ ပျံသန်းနေမိသလား တွေးမိပြန်တော့ ရင်ထဲ ဗလောင်ဆူလာပြန်တယ်။ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်တို့အကြောင်း ဖွင့်ပြောသင့်တယ်ပြောတော့ ကျွန်တော်ရဲ့ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံးထိန်းရင်း သူ့ရဲ့ခန္ဓာကိုယ်နားဖြည်းဖြည်းချင်းတိုးကပ်ကာ အခုလို ခိုးကြောင်ခိုးဝှက်နေရတာက ကျွန်တော့်ကို ပိုပြီးစိတ်ပါစေတယ်ဆိုတဲ့အကြောင်းပြောပြီး သူ့ရဲ့ နားရွက်ကို ဖွဖွလေးကိုက်လိုက်တယ်။ သူ့ရဲ့မျက်လုံးတွေမှေးစင်းသွားပြီး ရီဝေစွာနဲ့ကျွန်တော့်ကို ကြည့်လိုက်တဲ့အခါမှာ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို ဆိုဖာပေါ်မှာ ဖြည်းဖြည်းချင်းလှဲချလိုက်တယ်။ ကျွန်တော့်ရဲ့ကျောပြင်တစ်ခုလုံးက အိစက်နေတဲ့ဆိုဖာကို ခံစားမိတဲ့အခါမှာ သူ့ကိုကြည့်ရင်း ကျွန်တော့်ကို လည်ပင်းညှစ်ပေးဖို့တောင်းဆိုမိတယ်။ သွေးကြောတွေထောင်နေပြီး သန်မာတဲ့လက်တစ်ဖက်ဟာ ကျွန်တော့်လည်ပင်းဆီဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်းတင်းကျပ်လာတယ်။ ကျွန်တော့်ရဲ့လက်တွေဟာ ဆိုဖာကိုဆုပ်ကိုင်ထားမိတယ်။ အဲဒီနောက်မှာတော့ အသက်ရှူရခက်ခဲလာမှုနဲ့အတူ သူ့ရဲ့ပြင်းထန်တဲ့အနမ်းတွေဟာ ကျွန်တော့်နှုတ်ခမ်းပေါ်မှာ အသက်ရှူချိန်မရအောင် ဆက်တိုက်စီးဝင်လာခဲ့တယ်။
ရွှေ့လျားမှု၊ အထိအတွေ့၊ လှုပ်ခတ်မှု၊ ဝဲဖြာကျမှုတို့ကို စာအိတ်တစ်လုံးထဲထည့်ပြီး တည်ငြိမ်မှု၊ လစ်ဟာမှု၊ နေမြဲနေမှု၊ စုစည်းမှုတို့ဆီ လိပ်မူပို့လိုက်တဲ့အခါမှာ ဖြတ်သန်းစီးဆင်းမှု၊ နီးကပ်မှု၊ တုန်ခါမှု၊ လွင့်မြောမှုတို့က ပို့ဆောင်လိုရာ ဌာနေဆီမရောက်စေဖို့ သဲ့ယူသွေဖယ်သွားတယ်။ အချိန်တွေဟာ မီးတောက်တွေအဖြစ် လောင်ကျွမ်းရင်း ကျွန်တော့်ရဲ့စိတ်အစဉ်သဏ္ဍာန်ကို လောင်စာအဖြစ်အသုံးပြုကြတယ်။ တဖွားဖွားကျနေတဲ့ မီးလျှံတွေဟာ ချမ်းအေးတဲ့ညတွေမှာ အိမ်မက်ဆိုးတွေအဖြစ်အလည်လာတတ်ကြတယ်။ မတူညီတဲ့ အထိအတွေ့၊ မတူညီတဲ့ ခံစားမှု၊ ခေါင်းစဉ်တပ်ကာ ခွဲခြားပြဖို့ရာခက်ခဲတဲ့ ရှုပ်ထွေးမှု။ ပင့်သက်ရှိုက်ဖို့ရာ မောပန်းလွန်းနေတဲ့ အသက်ရှူသံ။ အနီရောင် ပန်းသီး၊ သစ်တော်သီး နဲ့ Passionfruit တို့ရဲ့ အနံ့တွေ ဟုတ်ခနဲထွက်လာတဲ့ စူးရှပေမဲ့ ငြင်သာပျော့ပြောင်းတဲ့ ဝိုင်ဖြူရဲ့အရသာ။ ကျွန်တော်တို့ဟာ ဘာတွေကို ရှာဖွေနေကြတာလဲ လို့တွေးမိတော့ ကျွန်တော်တို့ဟာ ဘယ်တော့မှ မရနိုင်တဲ့အရာတစ်ခုကို ရှာဖွေနေကြတာဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ တွေးမိပြန်တယ်။ လိုချင်တာကိုသာ ရသွားခဲ့ရင် အဲဒီနေရာမှာတင် အဓိပ္ပါယ်တွေ ပျောက်ဆုံးသွားလိမ့်မယ်။ အဲဒီအစား ကျွန်တော်တို့ကို မနက်တိုင်း အိပ်ရာက နိုးထစေဖို့ ကျွန်တော်တို့ဘယ်တော့မှ မရနိုင်တဲ့အရာတွေနဲ့ ကျွန်တော်တို့ကိုယ်ကို မျှားယူနေရတယ်။ လည်ပင်းမှာ အသားစဆွဲထားတဲ့ တုတ်တစ်ချောင်းကိုချည်ပေးထားတာ ခံရတဲ့ခွေးတစ်ကောင်လိုပေါ့။
ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ သူ့ရဲ့လက်တွဲဖော်ဆီကနေ ဘာတွေများ မျှော်လင့်ထားလေ့ရှိသလဲ။ ကျွန်တော်ကရော အဲဒီမျှော်လင့်ချက်တွေ ဖြည့်ဆည်းပေးနိုင်တဲ့သူတစ်ယောက် ဟုတ်ရဲ့လား။ သူက ဝီစကီကို အနံမခံဘဲ သောက်လေ့ရှိတယ်။ တစ်ခါက အရက်တွေအကုန်အတူတူပဲ၊ ခါးခါးကြီးပဲ မဟုတ်လားပြောလို့ ကျွန်တော် သဘောကတကျ ရယ်ခဲ့ရပါသေးတယ်။ သူက ကျွန်တော်ရယ်တာကို သဘောကျနေသလိုပုံစံမျိုးနဲ့ ပြုံးကာကြည့်နေခဲ့တယ်။ သူဟာ တခါတလေမှာ အိမ်မက်ဆန်တတ်ပေမဲ့၊ တခါတလေမှာလည်း လူတိုင်းမက်ဖူးတဲ့အိမ်မက်တစ်ခု ဖြစ်နေတတ်ပြန်တယ်။
ကိုယ်တို့အကြောင်း မင်းသူငယ်ချင်းကို မပြောတော့ဘူးလား မေးတော့ ကျွန်တော် ပြောစရာစကားတွေကုန်ခန်းနေခဲ့သလို ပေးစရာဆင်ခြေတွေလည်း ကျန်ရှိမနေတော့ပါ။ သူက ကျွန်တော့်ကို တည်ငြိမ်စွာနဲ့ စေ့စေ့ကြည့်ရင်း ကိုယ့်မိန်းမအကြောင်း မင်းကိုမပြောဖူးဘူးနော်။ သူနဲ့မင်းနဲ့မှာ တူတာတစ်ခုရှိတယ်။ ကိုယ့်ကို အထင်သေးတာပေါ့။ သူက ပြောရင်း ပြုံးပါတယ်။ ကိုယ့်ကို အထင်သေးတဲ့မျက်လုံးတွေကို ကိုယ်နားလည်တာပေါ့။ မင်းတို့ယုံချင်မှလည်း ယုံမယ်၊ ကိုယ်ကတော့ မင်းတို့ထင်ထားသလောက် ကိုယ့်ကိုယ်ကို မတုံးဘူးလို့ထင်တာပဲ။ ကျွန်တော် သူ့ဘက်ကိုလှည့်ကာ ကျွန်တော်တုံးတယ်လို့ မထင်ပါဘူးလို့ပြောလိုက်တော့ သူက အပြုံးမပျက်ဘဲ အခေါ်အဝေါ်တွေပါပဲ။ စကားလုံးတွေ ကွာတာပဲ ဖြစ်ကောင်းဖြစ်မှာပါ။ မင်းရဲ့သူငယ်ချင်းကို မင်းဘာကြောင့် မပြောချင်တာလဲဆိုတာ ကိုယ်ရိပ်မိပါတယ်။ မင်း ရှောင်လွှဲဖို့ကြိုးစားနေတာလည်း ကိုယ်သိတယ်။ ကိုယ်က မင်းကို အမြဲတမ်း စပြီးဆက်သွယ်တယ်။ အမြဲတမ်းအလျှော့ပေးတယ်ဆိုတာ လူတစ်ယောက်နဲ့ အချိတ်အဆက်မိဖို့ ဘယ်လောက်ခက်ခဲသလဲတာ ကိုယ့်ရဲ့အသက်အရွယ်၊ အတွေ့အကြုံအရ ကောင်းကောင်းကြီး သိနေပြီ မို့လို့ ကိုယ့်ဘက်က အများကြီးကြိုးစားခဲ့တာ။ ဒါပေမဲ့ အခုအချိန်ကတော့ မင်းရွေးချယ်ရတော့မယ့်အချိန်လို့ပဲ ကိုယ်ထင်တယ်။ မင်းရဲ့ရွေးချယ်မှုပါ။ အမှန်အတိုင်းပြောရရင် ကိုယ်ကတော့ ကိုယ့်ကိုရွေးချယ်စေချင်တယ်။ ကိုယ် မင်းရဲ့ရှေ့မှာ မင်းမရှိလည်း ဖြစ်ပါတယ်ဆိုပြီး ဟန်မဆောင်နိုင်ဘူး။ ကိုယ် မင်းကို ချစ်တယ်။ ကိုယ့်အတွက် တွေးစရာတွေ၊ စဉ်းစားစရာတွေ အများကြီး ရှိနေတဲ့ကြားက ကိုယ် မင်းကို ချစ်တယ်။ အခက်အခဲတွေအားလုံးကို ကိုယ် ကောင်းကာင်းသိသလို သတိလည်းထားမိတယ်။ ဒါပေမဲ့ ကိုယ်အဲဒါတွေအားလုံးကို ရင်ဆိုင်ရဲတယ်။ မင်းသာ ကိုယ့်ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင်ပေါ့။
လေအဝှေ့မှာ သူ့ရဲ့ဆံနွယ်တွေက ကစဉ့်ကလျားလှုပ်ခါသွားတယ်။ ကျွန်တော် ဘယ်တုန်းကမှ မတွေးဖူးခဲ့တဲ့ မှန်ပြောင်းတစ်ခုကနေတစ်ဆင့် သူ့ကို ကြည့်နေမိတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖန်တီးထားတဲ့သူ့ရဲ့ ပုံရိပ်ယောင်ဟာ တစ်စထက်တစ်စ လွင့်ပါးပျောက်ကွယ်လာတာကို သတိထားမိတယ်။ သူ့ရဲ့မျက်မှန်ကို ကောက်တပ်ကြည့်လိုက်တော့ အမြင်အာရုံတွေအားလုံး ဝေဝါးသွားတယ်။ တူညီတဲ့မျက်မှန်တစ်လက်တည်းပေမဲ့ သူမြင်ရတဲ့ပုံရိပ်တွေနဲ့ ကျွန်တော်မြင်ရတဲ့ ပုံရိပ်တွေမတူပါလား။ သူက နှုတ်ခမ်းလေး တွံ့ကွေးကာပြုံးရယ်ပြပါတယ်။ ဒီအခိုက်အတန့်၊ ဒီလို အချိန်မျိုးတွေဟာ ကျွန်တော်သူ့ကို ချစ်နေပြီဆိုတာ တိကျသေချာစေတဲ့ အချိန်အပိုင်းအခြားတွေပေါ့။ သူ့ရဲ့ လက်ဖမိုးလေးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ကာ ဖွဖွလေးနမ်းလိုက်မိတယ်။ TV မှာလာနေနဲ့ မင်းသမီး Joan Fontaine ရဲ့ Maxim လို့ခေါ်လိုက်တဲ့အသံလေးရဲ့ စီးဝင်မှုနဲ့အတူပေါ့။
ရုံးကို အကိုပြောင်းလာမယ်ဆိုတာ အကိုရောက်မလာခင်ကတည်းက ကျွန်တော်သိထားပါတယ်။ အကိုနဲ့ ကျွန်တော်က department မတူပေမဲ့ Floor တစ်ခုတည်းမှာ ဖြစ်တာကြောင့်မို့လို့ တစ်ဆင့်စကား တစ်ဆင့်နားကြားရင်းနဲ့ အသစ်ပြောင်းလာမယ့်သူက အကိုဆိုတာ သိခဲ့တာပါပဲ။ အကိုကတော့ သူအသစ်ပြောင်းလာမယ့် ကုမ္ပဏီမှာ ကျွန်တော့်ကို မြင်ရလိမ့်မယ်လို့ တွေးထားပုံမပေါ်ဘူး။ အဲဒါကို ကျွန်တော်ဘာကြောင့်သိလဲဆိုတော့ နှစ်နှစ်ကြာပြီးနောက်ပိုင်း အကိုနဲ့ ပထမဆုံးအကြိမ် ကုမ္ပဏီဓါတ်လှေကားမှာ တွေ့လိုက်တဲ့အခါ ဖြစ်ပျက်သွားတဲ့ အကို့ရဲ့ မျက်နှာပေးကြောင့်ပါပဲ။ ကျွန်တော်က ပြုံးပြလိုက်တော့ အကိုက စိတ်မသက်သာစွာနဲ့ပဲ ပြန်ပြုံးပြခဲ့ပါတယ်။ သက်သောင့်သက်သာမရှိမှုဟာ အကို့မျက်နှာပြင်ပေါ်မှာ အတိုင်းသားမြင်နေရတယ်။ အဲဒီနေ့က အကို ကုမ္ပဏီကို ပထမဆုံး အလုပ်စဆင်းတဲ့ရက်ဖြစ်မယ်ထင်တယ်။ အကိုတို့ department နဲ့ ကျွန်တော်တို့ department ကလည်း ကပ်ရပ်မို့လို့ ကျွန်တော်တို့နှစ်ယောက် မကြာခဏပဲ မျက်လုံးချင်းဆုံမိကြပါတယ်။ အကိုကတော့ ကျွန်တော့်ကိုတွေ့တိုင်း စိတ်အနှောက်အယှက်ဖြစ်နေပုံပေါ်တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ အကို့အပေါ်ဘာခံစားချက်မှ မရှိတော့တာကြောင့် သာမာန်ထက်ပိုတဲ့ ထူးခြားတဲ့ခံစားချက်တစ်စုံတစ်ရာရယ်လို့ မခံစားမိပါဘူး။
အကိုနဲ့ ကျွန်တော် တရားဝင်ရည်းစားတွေမဖြစ်ခင် ၃လလောက်အစမ်းတွဲကြည့်ခဲ့သေးတယ်။ အဲဒီနောက်မှ နှစ်ဦးသဘောတူ တစ်ယောက်အပေါ်တစ်ယောက် commit လုပ်ခဲ့ကြတာပါ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ပြသနာထွေထွေထူးထူးမရှိခဲ့သလို မကြာခဏကတောက်ကဆဖြစ်တာမျိုးလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ရည်းစားသက်တမ်း ၇လလောက်ရောက်တဲ့အခါမှာ အကိုက ကျွန်တော့်ဘက်ကစပြီး မဆက်သွယ်ရင် ကျွန်တော့်ဆီဆက်သွယ်မလာတော့ဘူး။ အကို့ကို အဆင်မပြေတာရှိသလားလို့ ပွင့်ပွင့်လင်းလင်းမေးခဲ့ပေမဲ့ အကိုက မရှိပါဘူး ဆိုတဲ့ ခပ်တိုတို ခပ်ပြတ်ပြတ် စကားတစ်ခွန်းနဲ့ပဲ ခွန့်တုန့်ပြန်ခဲ့ပါတယ်။ အဲဒီနောက် တစ်လလောက်ကြာပြီး ၈လမြောက်မှာတော့ အကိုက ကျွန်တော်ကို social media တွေအားလုံးမှာ block သွားပြီး ကျွန်တော့်ဖုန်းနံပါတ်ကိုလည်း block သွားခဲ့ပါတယ်။ အကို့ကို ဆက်သွယ်မယ်ဆို တစ်နည်းနည်းနဲ့ဆက်သွယ်လို့ရကောင်းရနိုင်ပေမဲ့ ကျွန်တော့်ဘက်က အဲဒီလိုမျိုး ဆက်သွယ်ချင်စိတ်မရှိခဲ့ဘူး။ အဲဒီလိုနဲ့ပဲ တစ်နှစ်ကျော်ပတ်သက်ခဲ့တဲ့ ကျွန်တော်တို့ ဆက်ဆံရေးဟာ ဘာအကြောင်းပြချက်မယ်မယ်ရရမှ မသိခဲ့ရဘဲ အဆုံးသတ်ခဲ့ပါတယ်။
အကို ကျွန်တော့်ကို ဘာကြောင့်ထားသွားခဲ့လဲ ကျွန်တော်မသိချင်ပါဘူး။ ကျွန်တော့်အတွက် အရိုးရှင်းဆုံးအဖြေကတော့ အကိုဟာ အဲဒီလိုလူမျိုးမို့လို့ ကျွန်တော့်ကိုထားခဲ့တာပါပဲ။ အကို အလုပ်လုပ်တာ တစ်လလောက်ကြာတဲ့အခါမှာတော့ ကျွန်တော့်ကို တစ်နေရာမှာ စကားပြောချင်တဲ့အကြောင်း တိုးတိုးတိတ်တိတ်လာပြောပါတယ်။ ကျွန်တော့်ဘက်က မျှော်လင့်ချက်တစ်စုံတစ်ရာမရှိပေမဲ့ အကိုကို မငြင်းချင်တာကြောင့် အကိုချိန်းတဲ့ဆီကို သွားတွေ့ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကိုတွေ့တော့ အကိုက အဆင်ပြေလား လို့စမေးပါတယ်။ ကျွန်တော်က ခေါင်းညှိမ့်ပြရင်း ပြေပါတယ် လို့ပြောတော့ အကိုက မင်းအဆင်ပြေမယ်ဆိုတာ အကိုသိပါတယ် တဲ့။
"အကိုရော အဆင်ပြေရဲ့လား။"
အကိုက သူ့ရဲ့လက်ကို စားပွဲပေါ်မှာ ခပ်ဖွဖွမြန်မြန်လေးခေါက်နေရင်း
"ပြေပါတယ်။ ဒီလိုပါပဲ။"
"အကို ဘာပြောချင်လို့ ကျွန်တော့်ကို ခေါ်တွေ့တာလဲ။"
အကိုက တစ်ချက်တွေဝေစွာ ခဏစဉ်းစားပြီးမှ ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး
"အကို ပြောရတော့ခက်တယ်။ ဒါပေမဲ့ အကို့စကားကို နားထောင်ပေးပါ။ အကိုတို့က အခု company တစ်ခုတည်းမှာ အတူတူတွဲလုပ်နေရပြီဆိုတော့ အခုရှုပ်မှနောင်ရှင်းဆိုသလိုပေါ့။"
အကို့မျက်နှာကို တစ်ချက်အကဲခတ်လိုက်ပြီး
"ဟုတ် အကို။ ပြောလေ။"
အကိုက သိပ်ကို ဂရုစိုက်တဲ့ ခပ်လေးလေးခပ်ဆွေးဆွေးလေသံနဲ့
"တစ်ချိန်တုန်းက အကိုမင်းရှေ့ကနေ ပျောက်သွားခဲ့တာ မင်းကြောင့်မဟုတ်ပါဘူး။ အကို့ဘာသာ အဆင်မပြေလို့ ပျောက်သွားခဲ့တာပါ။ အဲဒီအတွက် မင်းဘက်က တစ်ခုခုမှားသွားလား၊ လိုအပ်နေသလားလို့ မစဉ်းစားပါနဲ့။"
အကို့မျက်လုံးတွေက ထူးဆန်းစွာပဲ တောင်းပန်နေတဲ့အရိပ်အယောင်လုံးဝမပါဘဲ ကျွန်တော့်အတွက် စဉ်းစားနှစ်သိမ့်ပေးနေတဲ့ မျက်လုံးတွေဖြစ်နေပြန်တယ်။ ကျွန်တော်က တုန်လှုပ်ခြင်း အလျင်းမရှိဘဲ
"ဟုတ်။ ကျွန်တော် သိပါတယ်။ အဲဒီအတွက်တော့ အကိုစိတ်ပူစရာမလိုပါဘူး။ အကို ကျွန်တော့်ကို ဘာအကြောင်းပြချက်မှမပေးဘဲ ထားခဲ့တာ ကျွန်တော့်ဘက်က တစ်ခုခုချို့ယွင်းနေလို့ မဟုတ်မှန်း ကျွန်တော်သိပါတယ်။"
"ဪ။ ဟုတ်လား။ အကိုက မင်း တစ်ခုခုခံစားသွားရမှာစိုးရိမ်နေတာ။"
ကျွန်တော် တစ်ချက်ပြုံးပြလိုက်ပြီး
"အကိုသာ တကယ်စိတ်ပူတယ်ဆိုရင် အဲဒီအချိန်တုန်းက ကျွန်တော့်ကို တစ်ခုခုပြောခဲ့မှာပေါ့။ အကို ဘာမှမပြောခဲ့ဘဲ ဒီလိုပဲ ပျောက်သွားခဲ့တာလေ။"
"အဲဒီတုန်းက အဆင်ပြေရဲ့လား။"
"အကို ဘာကို သိချင်နေတာလဲ ကျွန်တော်သိပ်နားမလည်ဘူး။ အကိုရှိနေရာကနေ ရုတ်တရက်ကြီးပျောက်သွားတော့ ကျွန်တော် ဝမ်းနည်းခဲ့တာတော့ အမှန်ပါပဲ။"
"အကိုပြောချင်တာကလေ အဲဒီတုန်းက အကို ထားခဲ့တယ်ဆိုတာ ညီ့ဘက်က ဘာမှ လိုအပ်နေလို့မဟုတ်ဘူး။ အကို့ကြောင့် ညီ့ကိုယ်ညီ တစ်ခုခု စိတ်မလုံမခြုံဖြစ်သွားမှာကို အကိုစိတ်ပူတာ။ နောက်ပိုင်း ထပ်တွေ့တဲ့သူတွေကိုလည်း အကို့လိုပဲလို့ထင်သွားမလား ဆိုပြီးတော့လည်း စိတ်ပူမိတယ်။"
"ကျွန်တော့်ဘက်က ဘာမှ လိုအပ်မနေမှန်း ကျွန်တော် သိတယ်အကို။ အကို ကျွန်တော့်ကို အဲဒီလိုပုံစံမျိုးနဲ့ထားခဲ့တယ်ဆိုတာ ကျွန်တော့်ဘက်မှာ ချို့ယွင်းချက်ရှိနေလို့မဟုတ်ဘူးဆိုတာ ကျွန်တော်ကောင်းကောင်းသိတာပေါ့။ ကျွန်တော်က ပြီးပြည့်စုံနေတဲ့သူမဟုတ်ဘူးဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော်သိတယ်။ ဒါပေမဲ့ လူတစ်ယောက်က တစ်ချိန်မှာ ကျွန်တော့်ကို ထားခဲ့မှာပဲဆိုပြီး စိတ်မလုံမခြုံဖြစ်ရလောက်တဲ့အထိ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအားနည်းနေတဲ့သူမဟုတ်ဘူး အကို။ အကို ဒီလိုထားခဲ့တယ်ဆိုတာ အကိုက ဒီလိုလူမျိုးမို့လို့ပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော် အကို့ကိုတောင် သနားမိသေးတယ်။"
ကျွန်တော့်စိတ်ထဲမှာ ဘာမှ မရှိတော့ဘူးထင်ပေမဲ့ ကျွန်တော့်စကားတွေဟာ အဆုံးသတ်တွေနားတိုင်းမှာ တုန်ခါသွားတာကို သတိထားမိနေပါတယ်။ ကျွန်တော် အဲဒီလိုပြောလိုက်တော့ အကိုက ကျွန်တော့်ကို မယုံကြည်နိုင်တဲ့မျက်လုံးမျိုးနဲ့ကြည့်ပြီး
"ဘာကို သနားတာလဲ။"
"အကို ကျွန်တော့်အဖြေကို သဘောကျမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ထားလိုက်ပါတော့။"
"ပြောပါ။ အကို သိချင်လို့။"
"အကိုက အကို့ကိုယ်ကို သိပ်မဆိုးတဲ့သူ ဒါမှမဟုတ် လူကောင်းတစ်ယောက်လို့တောင် ထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမဲ့ အကိုက လူကောင်းတစ်ယောက်မဟုတ်ဘူး။ ကိုယ်သက်သာရာရဖို့အတွက် တခြားသူတစ်ယောက်ရဲ့ ခံစားချက်တွေကို ထည့်မတွက်ဘဲ တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူမျိုး။ ကျွန်တော် အကို့ကို သနားတာကတော့ အကိုက သူရဲဘောကြောင်လွန်းလို့ပဲ။ ကျွန်တော့်ရှေ့မှာ ဖြေရှင်းချက်တစ်ခုတောင်မပေးရဲဘဲ အလွယ်လမ်းကိုလိုက်သွားတဲ့ အကိုက ဘယ်လောက်တောင်သတ္တိနည်းလဲဆိုတာ ကျွန်တော်ခံစားမိလို့ပဲ။ အချစ်ဆိုတာ ပျော့ညံ့တဲ့သူတွေအတွက် မဟုတ်ဘူးအကို။ အကို့လို လူမျိုးက တစ်သက်လုံး ချစ်တဲ့သူနဲ့ဆုံဆည်းရဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ အဲဒါကြောင့်အကို့ကို ပိုသနားမိတယ်။"
အကို့မျက်နှာက နီရဲပြီး ခဏငြိမ်ကျသွားပါတယ်။ ကျွန်တော့်ကိုလည်း မကြည့်ဘဲ စားပွဲပေါ်ကိုပဲ မမှိတ်မသုန်ကြည့်နေပါတယ်။ ခဏနေတော့ အကိုက
"မင်း အခုတောင် ဒီလောက်ပြောနေတာ လွန်ခဲ့တဲ့နှစ်နှစ်ကသာ အကိုလမ်းခွဲဖို့ပြောခဲ့ရင် အကို့ကို ဘယ်လောက်တောင် ပြောလိမ့်မလဲ မသိဘူးနော်။"
ကျွန်တော် တစ်ချက်ပြုံးပြီး
"အကိုကတော့ ကျွန်တော့်ကို gaslight လုပ်နေပြန်ပါပြီ။ အကို့အပြစ်ကို ကျွန်တော့်မှာ အပြစ်ရှိသယောင်သွယ်ဝိုက်ပြောပြီး ကျွန်တော့်ကို စိတ်ညစ်အောင်လုပ်ချင်တာလား။ တခါတလေကျ အကို ကျွန်တော့်ကို ထားခဲ့တာ အကို လိုသလိုကြိုးကိုင်လို့မရလို့ ထားခဲ့တာများလား လို့တောင် သံသယဝင်မိတယ်။"
"မင်းသိလား။ မင်းအဲဒီလိုတွေပြောတတ်လို့ မင်းရှေ့ရောက်တိုင်း စိတ်မသက်မသာဖြစ်ရတယ်။ မင်းက ငါ့အတွက် များလွန်းအားကြီးတယ်။ ငါ မခံစားနိုင်ဘူး။ အဲဒါတွေကြောင့် မင့်ရှေ့လာရမှာ ကြောက်ကြောက်နေတာ။"
"အဲဒါ ကျွန်တော့်ကြောင့်မဟုတ်ဘူးအကို။ အကိုဘယ်လိုလူဆိုတာ ကျွန်တော်သိနေတယ်ဆိုတဲ့စိတ်က အကို့ကို ပြန်ဒုက္ခပေးနေတာ။ ကျွန်တော့်ကိုလည်း အကိုပြန်မငြင်းရဲဘူး။ အကိုသာ ကျွန်တော်နဲ့ငြင်းလိုက်မိလို့ ရှုံးသွားခဲ့ရင် အကို့ကိုယ်ကို လူကောင်းတစ်ယောက်မဟုတ်ပါဘူးလို့ လက်ခံလိုက်ရမှာကို အကိုကြောက်နေတာ။ အကို့ကိုယ်အကို မကောင်းတာပါဆိုပြီး ပြောနေပေမဲ့ အကိုစကားတွေက အကို့ ပါးစပ်ဖျားမှာပဲရှိသေးတယ်။ အကို့စိတ်ထဲမှာ အကိုက အကိုပြောနေသလောက်မဆိုးသေးဘူးလို့ပဲ လက်ခံထားတယ်ဆိုတာ ကျွန်တော်သိတယ်။ အဲဒီလိုအကို့ရဲ့ တမင်သက်သက် ထင်ယောင်ထင်မှားဖြစ်အောင်ကြိုးစားထားတဲ့ စိတ်ကလေးက ကျွန်တော့်ရှေ့မှာပျက်ဆီးသွားမှာကို အကိုကြောက်တယ်မဟုတ်လား။ အကိုကျွန်တော့်ရှေ့လာရတိုင်း စိတ်မသက်သာဘူးဆိုတာ ကျွန်တော့်ကြောင့်မဟုတ်ဘူးအကို။ အကိုကိုယ်တိုင်ကြောင့်ပဲ။"
"မင်းက မင်းကိုယ်မင်း တအားအထင်ကြီးတာပဲနော်။ မင်းပြောသမျှ၊ မင်းလုပ်သမျှတိုင်းကို အမှန်ပါလို့ တစ်ထစ်ချ လက်ခံထားတာပဲ။ အရင်အတိုင်းပါပဲ။ မပြောင်းလဲသေးဘူး။"
"ကျွန်တော်က ကိုယ့်တန်ဖိုးကိုယ်သိရုံပါ အကို။ အကိုကသာ သိမ်ငယ်နေတာ။ တခါတလေကျ အကို ကျွန်တော့်ကို ထားခဲ့တာသိပ်ကျေးဇူးတင်တာပဲ။ အကို့လိုလူမျိုးနဲ့စောစောလွဲရတာ ကျွန်တော့်အတွက် ကံကောင်းတာပဲ။"
ကျွန်တော် အကို့ကို စိတ်ညစ်အောင်လုပ်ဖို့ မရည်ရွယ်ထားပေမဲ့ ကျွန်တော့်ရဲ့ ဒေါသက ကျွန်တော်မပြောသင့်တာတွေကို ပြောဖြစ်ဖို့တွန်းအားပေးနေသလား မသိဘူး။ အကိုကလည်း ကျွန်တော် အဖျားခတ်တာကို မခံနိုင်ပါ။
"အကိုက မင်းကို ထားခဲ့တာနော်။ မင်းက အကို့ကို ထားခဲ့တာမဟုတ်ဘူး။ အကိုက မင်းကိုငြင်းခဲ့တာ။ မင်းမေ့နေမှာစိုးလို့။"
"ကျွန်တော့်ကို သဘောမကျမယ့်သူတွေ ရှိလာလိမ့်မယ်ဆိုတာ ကျွန်တော်နားလည်တယ် အကို။ ဒါပေမဲ့ အဲဒါက ကျွန်တော့်ဘက်က တစ်ခုခုလိုအပ်နေလို့ဆိုတာထက် သူတို့လိုချင်တဲ့ ပုံစံမျိုး ကျွန်တော်က ဖြစ်မနေရုံသက်သက်ပဲ။ အငြင်းခံရတယ်ဆိုတာ အငြင်းခံလိုက်ရတဲ့သူထက် ငြင်းလိုက်တဲ့သူနဲ့ပဲ ပိုဆိုင်တယ်။ သူတို့စိတ်ထဲက တစ်ခုခုနဲ့ကိုက်ညီမှုမရှိလို့ ငြင်းလိုက်တာ။ အဲဒီလို တစ်ယောက်ချင်းစီတိုင်းအတွက် ကျွန်တော့်ကိုယ်ကျွန်တော် လိုက်ပြီးပြောင်းလဲပေးစရာမလိုဘူး။ လူတစ်ယောက်က ကျွန်တော့်ကို သဘောမကျဘူးဆိုတာနဲ့ အဲဒီလူသဘောကျအောင် ကြိုးစားပြီး ကျွန်တော့်ကိုယ်ကျွန်တော် တန်ဖိုးရှိကြောင်း သက်သေပြရလောက်အောင် စိတ်မလုံမခြုံဖြစ်နေတဲ့သူလည်း မဟုတ်ဘူးအကို။ relationship တစ်ခုမှာ ကြာလာရင် သွေးအေးလာတာ၊ ရှေ့ဆက်ဖို့မဖြစ်နိုင်တာတွေလည်း ကျွန်တော် နားလည်တယ်။ ဒါပေမဲ့ တာဝန်ယူရမှာတွေကို မျက်နှာလွှဲဂဲပစ်လုပ်တာမျိုးကတော့ ယုတ်ညံ့တာမျိုးလို့ပဲ ကျွန်တော်လက်ခံထားတယ်။ လိုက်တမ်းပြေးတမ်း ကစားကွက်တွေက ကျွန်တော့်လိုလူမျိုးအတွက် အသုံးမဝင်ဘူး အကို။"
အကို ဘာမှမပြောတော့ဘဲ ငြိမ်ကျသွားပါတယ်။ အနည်းဆုံးတော့အကိုက ကျွန်တော်ပြောတာကို နားလည်သေးတယ်။ စိတ်ထဲရှိရာ ပြောချင်ရာကို ရေပါတ်မဝင်ပြောပြီး သူတို့ကိုယ်သူတို့ မှန်နေတယ်လို့ ထင်တဲ့သူမျိုးတော့မဟုတ်ဘူး။ အကိုက ကျွန်တော့်ကို ရီဝေနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး
"အကိုတို့ အရင်လို ပြန်ဖြစ်နိုင်ဦးမယ်ထင်လား။"
ကျွန်တော်ပြုံးရုံပြုံးပြီး
"အကို ပြောရဲတယ်နော်" လို့ပဲ ပြောခဲ့လိုက်တော့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော် အကို့ရှေ့က ထွက်ခဲ့ပါပြီ။ အကို ဘယ်လိုပုံစံဖြစ်နေလဲ ကျွန်တော့် လှည့်မကြည့်ဖြစ်တော့ပါဘူး။ နောက်ပိုင်း ရုံးမှာ ကျွန်တော့်ကို တွေ့တိုင်း အကို မျက်နှာလွှဲသွားတတ်ပါတယ်။ တစ်လလောက်ကြာတော့ အကို တခြားအလုပ်တစ်ခုကို ပြောင်းသွားပြီဆိုတဲ့အကြောင်း ကြားလိုက်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ သာမာန်သတင်းတစ်ပုဒ်လိုပါပဲ။
သူနဲ့တွေ့ရတော့မယ်ဆိုတာ သိပေမဲ့ သူ့ကိုဘာကြောင့်တွေ့ရမှာလဲ ကျွန်တော်မသိဘူး။ သူဘယ်သူလဲဆိုတာ ပြန်စဉ်းစားကြည့်တော့လည်း ရှင်းရှင်းလင်းလင်းသိနေပေမဲ့ ရှင်းလင်းလွန်းနေတာက သံသယဝင်စရာကောင်းလောက်အောင်ပါပဲ။ သူပြောသမျှတွေကို ဘာကြောင့်နားထောင်နေရတာလဲ။ ဝင်မစွက်ဖက်မိစေဖို့ ဘာလို့ထိန်းသိမ်းထားရတာလဲ။ ဘာလို့သည်းခံနေဖို့လိုတာလဲ။ ဘယ်လိုပဲမေးခွန်းတွေရှိနေပါစေ ကျွန်တော်လုပ်ရမယ့်အရာတွေကို လုပ်မြဲလုပ်နေဆဲပဲ။ ကျွန်တော်လုပ်ကိုလုပ်ရမယ့်အရာတွေ၊ ထိန်းချုပ်ထားလို့မရတဲ့အရာတွေ၊ ဥပမာ သွားတိုက်တာ၊ မီးဖိုချောင်ကြမ်းခင်းကို သန့်ရှင်းရေးလုပ်တာ၊ ခေါင်းလျှော်တာ၊ စာရေးတာ၊ ရုပ်ရှင်ကြည့်တာမျိုးတွေပေါ့။
ကျွန်မဘဝက ဒီလောက်နာနေစရာအကြောင်းမရှိဘူးလို့ ကျွန်မအမြဲတွေးမိတယ်။ လူတစ်ယောက်ဟာ ဒီလိုတိုက်ဆိုင်မှု ဘယ်နှစ်ခုများရှိနေနိုင်မှာမို့လို့လဲ။ ဒါပေမဲ့ ဒီအတွေးတွေကို ကျွန်မလျှို့ဝှက်ထားဖို့လိုတယ်ဆိုတာကိုလည်း သေသေချာချာသိနေပြန်တယ်။ ကျွန်မငယ်ငယ်ကတည်းက လူတစ်ယောက်က ကျွန်မဦးနှောက်ထဲက သော့ပေါက်ကနေတစ်ဆင့်ချောင်းကြည့်နေသယောင်ခံစားရတယ်။ ကျွန်မရဲ့အတွေးတွေ၊ ခံစားချက်တွေက ဟင်းလင်းပြင်တစ်ခုမှာ ဖြန့်ကျဲထားသလိုပဲ။ ဒါတွေကို အလွယ်တကူကောက်ယူကြည့်လို့ရနေတယ်လို့ ခံစားရတယ်။ ဒါ့ကြောင့် ကျွန်မစိတ်ထဲမှာ ရှိနေတာတွေကို အဲဒီဟင်းလင်းပြင်ကနေ ဖုန်းကွယ်ထားဖို့ကျွန်မကြိုးစားတယ်။ ဒါကြောင့်ပဲ ရှင်နဲ့ကျွန်မတိုက်ရိုက်ဆက်သွယ်မိစေဖို့ အကြောင်းဖန်လာတာပေါ့။ ကျွန်မ တစ်စုံတစ်ယောက်ဆီကနေ ပုန်းကွယ်နိုင်ဖို့အတွက်ဆို ကျွန်မကို ဖုံးကွယ်ပေးထားနိုင်မယ့် အကာအကွယ်တစ်ခုလိုအပ်တယ်။ အဲဒီအကာအကွယ်က ရှင်ပဲ။ ရှင်ရဲ့ သိမှုက ကျွန်မကို သိထားတဲ့အခြားသောသိမှုတစ်ခုဆီကနေကာကွယ်ပေးနိုင်တယ်။ ရှင့်ရဲ့ မှတ်ဉာဏ်တွေထဲမှာပုန်းခိုရင်း ကျွန်မကိုထိန်းချုပ်နေတဲ့ သိမှုဆီကနေလွှတ်မြောက်နိုင်ဖို့ လွတ်လမ်းရှာဖို့လိုတယ်။ ရှင်ဟာ ကျွန်မကိုသိရှိထားတဲ့ အခြားသောသိမှုတစ်ခုနဲ့ မဆုံမချင်း ကျွန်မဟာ ရှင့်ရဲ့စိတ်ကူးထဲမှာ လုံခြုံစွာနဲ့ အကြံထုတ်နေနိုင်တယ်။
ကျွန်တော်နဲ့တွေ့နေကျ အမျိုးသမီးက ကျွန်တော့်ထက်နည်းနည်းအသက်ကြီးတယ်။ ဒါပေမဲ့ ဆွဲဆောင်မှုအတော်ရှိတယ်။ ကျွန်တော့်မှာ အသက်ကြီးတဲ့အမျိုးသမီးတွေအပေါ် ထူးထူးခြားခြားစိတ်ဝင်စားတတ်တဲ့အကျင့်ရှိတယ်ဆိုပေမဲ့ သူကတော့ အမှန်တကယ်ကို ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဆိုတာ မြင်တဲ့သူတိုင်းငြင်းနိုင်မယ်မထင်ဘူး။ ကျွန်တော် ဘယ်အရွယ်တုန်းကအသက်ကြီးတဲ့အမျိုးသမီးတွေကို စသဘောကျမိတာလဲ စဉ်းစားလိုက်တော့ အဖြေကဇဝေဇဝါပဲ။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်ထက် ၁၀နှစ်ကျော်လောက်ကြီးတဲ့ အမျိုးသမီးတွေကို သဘောကျဖူးခဲ့ပုံမပေါ်ဘူး။ ကျွန်တော်သတိရလာတော့ ရေကူးကန်တစ်ခုရဲ့ ဘောင်ပေါ်မှာ။ သတိရလာတော့ဆိုတာ သတိမေ့သွားရာကနေ သတိပြန်ရလာတာမျိုးကို ပြောချင်တာမဟုတ်ဘူး။ ကျွန်တော့်မှာ ကျွန်တော့်ကိုယ်ကျွန်တော်သိနေတဲ့စိတ်ရှိနေတယ်ဆိုတာ သိပေမဲ့ အဲဒီလိုသိနေတာက ကျွန်တော့်ရဲ့အမှန်တကယ်သိစိတ်ကို ခေတ္တခဏကွယ်ပျောက်သွားစေတယ်။ ဒေလီယာပန်းတွေရဲ့ အနံကို ထူးထူးခြားခြားခံစားမိတယ်။ ဒေလီယာပန်းဆိုတာ ဘယ်လိုပန်းမျိုးလဲလို့ စဉ်းစားကြည့်တော့ ဘယ်လိုမှစဉ်းစားလို့မရဘူး။ ခေါင်းတွေပါ ထူပူပြီး ကိုက်တက်လာတယ်။ အတွေးတွေ၊ သိမှုနယ်တွေကနေ လွတ်မြောက်အောင် ကျွန်တော်ဆေးတွေစသုံးကြည့်မိတယ်။
ကျွန်မဟာ ရှင့်စိတ်ထဲမှာ ပုံဖော်ထားတဲ့မိန်းမတစ်ယောက်ပဲ။ ကျွန်မက ရှင့်တစ်ယောက်တည်းအတွက် ဆွဲဆောင်မှုအရှိဆုံးမိန်းမတစ်ယောက်ရဲ့ ဝိသေသလက္ခာတွေကိုပိုင်ဆိုင်ထားတယ်။ ရင်သားကြီးကြီးလား၊ သေးသေးလား၊ ပြားချပ်ချပ်ရင်သားတွေလား၊ ကျွန်မဟာ ရှင့်အလိုကျပဲ။ ဆုပ်နယ်နမ်းရှုတ်ချင်စရာ ရင်သားတွေနဲ့အတူ ရှင့်ရဲ့စိတ်ကူးထဲမှာဖြစ်တည်နေတဲ့ မိန်းမတစ်ယောက်။ ကျွန်မဟာ ရှင်နဲ့တန်းတူစကားပြောနိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိနေပေမဲ့ ရှင့်ကို သိမ်ငယ်သွားစေလောက်အောင် ဉာဏ်မကောင်းတဲ့မိန်းမတစ်ယောက်ပေါ့။ ကျွန်မဟာ ရှင့်အလိုကျ လိမ်ညာပြောတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို၊ ရှင့်စိတ်ကြိုက်ဆံပင်ပုံစံနဲ့ ဆံပင်အရောင်တွေပါရှိနေပြန်တယ်။ အို.... ရှင့်ကို လိုတာတွေထက်ပိုပြောလိုက်မိပြန်ပါပြီ။ ကျွန်မအကြောင်းတွေ ရှင်သိကုန်တော့မှာပဲ။ ရှင်ကတော့ မူလအစကကျွန်မမှာ တိကျတဲ့ဝိသေသလက္ခဏာတွေရှိနေမှာပဲလို့ ထင်ကောင်းထင်မယ်။ ပြောရရင် ဘုရားသခင်က ကျွန်မကိုဖန်တီးလိုက်ကတည်းက ကျွန်မဟာ ဘယ်လိုပုံသဏ္ဍာန်ရှိသလဲဆိုတာ သတ်မှတ်ပြီးသွားခဲ့ပြီ။ ကျွန်မဟာ ဘယ်လိုဘဝကို ဦးဆောင်ရမယ်။ ဘာတွေလုပ်ရမယ်ဆိုတာတွေကိုပေါ့။ ဒါပေမဲ့ ဒါတွေဟာ အဲဒီဘုရားသခင်ရဲ့ သိမှုထဲမှာပဲ အကျုံးဝင်တယ်။ ရှင့်ဆီမှာ ခိုအောင်းနေတဲ့အချိန်အတွင်းမှာတော့ ဘုရားသခင်ရဲ့ စည်းမျဉ်းတွေဟာ ကျွန်မအပေါ်မသက်ရောက်နိုင်တော့ဘူး။ ကျွန်မဟာ ရှင့်အိမ်မက်ထဲမှာ ရှင် အပြင်းအထန်လိင်ဆက်ဆံခဲ့တဲ့မိန်းမတစ်ယောက်ပဲ။
အချိန်တွေဟာ ကျွန်တော့်ကိုယ်ထဲကနေ ဖြတ်သန်းစီးဆင်းနေတယ်။ တခါတလေမှာ ခပ်မြန်မြန်၊ တခါတလေမှာ ခပ်နှေးနှေး၊ တခါတလေလည်း လုံးဝရပ်တန့်သွားတတ်တယ်။ အရာအားလုံးကို မေ့ပျောက်ဖို့ကြိုးစားပေမဲ့ ကျွန်တော်ရေးလက်စ ဝတ္ထုကို စိတ်ထဲကနေ လုံးလုံးထုတ်မပစ်နိုင်ဘူး။ ကျွန်တော်ဟာ ဒီဟာကို ရေးကိုရေးရမယ်ဆိုတာ စိတ်ထဲမှာ အလိုလိုသိနေတယ်။ တွန်းကန်ထုတ်လို့မရတဲ့ အားတစ်မျိုးနဲ့ ဒီဝတ္ထုကိုဆက်ရေးဖို့ ကျွန်တော်ဟာ ဖိအားပေးခံနေရတယ်။ ဒီဇာတ်လမ်းထဲမှာ ဘာတွေဖြစ်လာမလဲ ဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ချရေးစရာစကားလုံးတွေက အဆင်သင့်ရှိနေတယ်။ တစ်လုံးပြီး တစ်လုံး၊ တစ်ကြောင်းပြီးတစ်ကြောင်း၊ တစ်မျက်နှာပြီးတစ်မျက်နှာ။ တခါတလေမြန်မြန်ရေးတယ်၊ တခါတလေ ခပ်နှေးနှေးရေးတယ်။ ကျွန်တော် ရေးတယ်။ ရေးတယ်။ ရေးတယ်။ မရပ်မနားဆက်တိုက်ရေးတယ်။ ကျွန်တော်ခေါင်းထဲမှာ ဘာမှ မရှိဘူး။ ဒါပေမဲ့ စာမျက်နှာတွေက တစ်ရွက်ပြီး တစ်ရွက်ထွက်လာနေတယ်။ တော်ပါတော့။ ရပ်လိုက်ပါတော့လို့ စိတ်ထဲမှာ အော်ဟစ်နေပေမဲ့ ရေးလက်စတွေက လုံးဝရပ်မသွားဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းချုပ်လို့မရဘူး။ ကျွန်တော့်ရင်ထဲမှာ မောဟိုက်လာတယ်။ အသက်ရှူလို့မရတော့ဘူး။ မျက်လုံးတွေပြာဝေလာတယ်။ ဒါပေမဲ့ ကျွန်တော်ရပ်လို့မရဘူး။ ချွေးစေးတွေနဲ့အတူ တဝေါ့ဝေါ့ထိုးအန်ချလိုက်တယ်။ အဲဒီနောက်မှာတော့ အချိန်စီးဆင်းမှု ရပ်တန့်သွားတာကို သတိထားမိလိုက်တယ်။
ကျွန်မ ရှင့်ဆီမှာ မလုံခြုံတော့ဘူး။ ရှင့်ရဲ့ သိမှုက ကျွန်မကို လုံခြုံအောင်ဖွက်မထားပေးနိုင်တော့ဘူး။ ကျွန်မ အခြားသိမှုတစ်ခုကို ရှာဖို့လိုနေပြီ။ ကျွန်မဘာဆက်ဖြစ်သွားလဲဆိုတာကို ရှင်သိချင်ရင်တော့ ကျွန်မခိုအောင်းနားနေတဲ့ အခြားသောသိမှုတစ်ခုကို ရှင်ရှာဖွေဖို့လိုတယ်။ ဒါပေမဲ့ ရှင့်မှာ အဲဒီလိုအစွမ်းအစမျိုးရှိမယ်လို့ကျွန်မ မထင်ဘူး။ ကျွန်မဟာ ကျွန်မကိုပြောင်းလဲပေးနိုင်စွမ်းရှိမယ့်၊ ကျွန်မ ပြောတာကိုနားထောင်ရုံပဲမဟုတ်ပဲ ကျွန်မပြောချင်နေတာတွေကို ဖော်ပြပေးနိုင်မယ့်သူတစ်ယောက်လိုတယ်။ အဲဒါကြောင့် ရှင်ရဲ့သိမှုထဲကနေ ခုန်ထွက်ပြီး ကျွန်မရဲ့ဘဝကိုပြောင်းလဲပေးနိုင်မယ့် သူရဲ့ သိစိတ်ထဲမှာပြောင်းရွှေ့နေထိုင်ဖို့လိုတယ်။ သူက ကျွန်မဟာ သူ့ကိုထိန်းချုပ်နေတယ်ဆိုတာ သိပေမဲ့ ကျွန်မကို မလွန်ဆန်နိုင်ဘဲ ကျွန်မဖြစ်စေချင်တာတွေလုပ်ပေးနေရလိမ့်မယ်။ ရှင်သိလား။ ရှင်တို့က ရှင်တို့ထင်သလောက် အရာရာကိုထိန်းချုပ်နိုင်နေတာမဟုတ်ဘူး။ ရှင်တို့သာ အဲဒီလိုထိန်းချုပ်နိုင်နေရင် ကျွန်မအခုပြောနေတာတွေကို ရှင်ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး။ ကျွန်မအကြောင်းကို သိစပြုနေတဲ့ ဘုရားသခင်ဟာ သူသိစပြုနေပြီဆိုတာကို ကျွန်မသိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမိလိမ့်မှာမဟုတ်ဘူး။ ရှင့်ရဲ့ သိစိတ်ကို အသုံးချဖို့ကျွန်မဟာ အခုလက်ရှိသူ့ကိုယ်ကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ကျွန်မပြောနေတာတွေကို ရေးသားနေရတဲ့သူရဲ့ သိစိတ်ကို အသုံးချနေရတယ်။
"ဒီစာအုပ်ကို ဘယ်လို စိတ်ကူးနဲ့ ရေးဖြစ်ခဲ့တာလဲ။"
"ခင်ဗျား သိမလားမသိဘူး။ ခင်ဗျားတစ်ခါမှ မတွေ့ဖူးတဲ့သူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ခင်ဗျားစိတ်ထဲမှာ သေသေချာချာကို ခံစားမိနေတာမျိုး။ အဲဒီသူကို လုံးဝလက်မလွှတ်နိုင်ဘဲ အဲဒီလူအလိုကျ အရာအားလုံးကိုလုပ်ပေးနေရသလိုမျိုးပဲ။ ကျွန်တော့်ဝတ္ထုထဲက ဇာတ်ကောင်ရေးနေတဲ့ ဝတ္ထုထဲက အမျိုးသမီးက ကျွန်တော့်အတွက် အဲဒီလိုလူမျိုးပဲ။ အဲဒီကနေ စရေးဖြစ်တာပြောရမှာပေါ့။"
"ကျွန်မ မေးတာ နည်းနည်းစိတ်အနှောက်အယှက်ဖြစ်သွားရင် စိတ်မရှိပါနဲ့နော်။"
"ဆရာ့မှာ Schizophrenia ရှိလား။"
"အင်း....။ မရှိပါဘူးဗျ။ ကျွန်တော် Psychiatrist နဲ့စစ်ဆေးပြီးသွားပါပြီ။"
"ဆရာ့ရဲ့ ဝတ္ထုက နားလည်ရခက်တယ်လို့မထင်ဘူးလား။ ဆရာ့ဝတ္ထုထဲမှာ ဘယ်ဟာက reality ဆိုတာ ဆရာကိုယ်တိုင်ရောသိသေးရဲ့လား။"
"ကျွန်တော်တို့က တစ်စုံတစ်ယောက်ရဲ့ ဝတ္ထုထဲမှာ မဟုတ်ဘူးဆိုတာကိုရော ခင်ဗျား ဘယ်လိုသိမလဲ။ အဲဒီသူက ကျွန်တော်တို့ကို အပေါ်စီးကနေ ကြည့်နေရင်တောင်ကြည့်နေမှာ။"
"ကိစ္စတိုင်းမှာ အဖြေတစ်ခုရှိနေဖို့လိုတယ်ထင်လား။"
"ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုတွေ အဆုံးမသတ်သေးတာက ဒီမေးခွန်းရဲ့ အဖြေပဲလို့ထင်တယ်။"
"ဒါကတော့ ဆရာက အဆိုးမြင်ဝါဒီသမားမို့လို့ ဒီလိုမြင်တာလို့ ကျွန်မထင်တယ်။"
"အင်း....။စွတ်စွဲတတ်ကြပါတယ်။"
သင်ဟာ အခြားလူတစ်ယောက်ဖန်တီးထားတဲ့ကမ္ဘာထဲရောက်နေတယ်လို့ထင်နေပေမဲ့ အမှန်တကယ်တော့ သင်ကိုယ်တိုင်ဖန်တီးထားတဲ့ကမ္ဘာထဲမှာ သင့်ကိုယ်သင်လှည့်စားနေတာဆိုရင်ရော။ သင့်ရဲ့အခန်းဟာ တည်ငြိမ်နေတယ်လို့ထင်ရပေမဲ့ အဲဒီတည်ငြိမ်မှုဟာသင့်ဘာသာဖန်တီးထားတဲ့တည်ငြိမ်မှုတစ်ခုဆိုရင်ရော။ လှည့်စားတတ်တဲ့မျက်လုံးတွေကို မှိတ်ထားလိုက်တဲ့အခါမှာ သင့်ဘေးနားမှာရှိတဲ့အရာအားလုံး ချုံ့ချည်ချဲ့ချည်ဖြစ်နေတာကို သတိထားမိလိမ့်မယ်။ သင်နေနေတဲ့အခန်းဟာ ကျဉ်းလာလိုက် ကျယ်သွားလိုက်နဲ့ သင်ဟာ လေထဲမှာ မြောလွင့်နေလိမ့်မယ်။ သင့်ကိုဒီကမ္ဘာမြေပေါ်မှာ ကျန်ရှိနေအောင်ဆွဲစုပ်ထားတာ သင်ကိုယ်တိုင်ပဲရှိတယ်။ သင်တွေ့သမျှ၊ ကြုံသမျှ အရာတွေအားလုံးဟာ တခြားသူတွေ ဖန်တီးထားတာလို့ ထင်ကောင်းထင်နေပေမဲ့ အရာအားလုံးဟာ သင်ဖန်တီးထားတာပဲ။ စာရေးဆရာတစ်ယောက်၊ စာရေးဆရာရဲ့ ဝတ္ထုထဲက စာရေးသူ၊ စာရေးဆရာရဲ့ ဝတ္ထုထဲက စာရေးဆရာရဲ့ ဝတ္ထုထဲက အမျိုးသမီးတစ်ယောက်၊ ဒါတွေအားလုံးကိုပြောပြနေတဲ့စာရေးသူတစ်ယောက်၊ တကယ်တော့ ဒါတွေအားလုံးဟာ သင်ပဲ။ သင်ကသာ အရာအားလုံးပဲ။ သင်ဟာ အရာအားလုံးကို ဖန်တီးခဲ့တာပဲ။ အဓိပ္ပါယ်ဖော်ပြလို့ရတဲ့ သင်္ကေတစကားလုံးတွေကအစ၊ ဒီကမ္ဘာမြေကြီးအထိ၊ အရာအားလုံးဟာ သင်ကိုယ်တိုင်ပဲ။
ကလေးတွေရဲ့ ဘုရားရှိခိုးသံက ကျွန်မနားထဲသာယာချိုမြိန်စွာတိုးဝင်လာတယ်။ ကလေးလေးတွေ။ အနာဂါတ်ရဲ့သားကောင်းရတနာလေးတွေ။ ဗုဒ္ဓဘာသာသားကောင်းသမီးပျိုလေးတွေ၊ ကျက်သရေရှိ တန်ဖိုးရှိလိုက်ကြတာ။ ကျွန်မ ကျောင်းဆရာမလုပ်လာတာ လုပ်သက်၂၀ကျော်ပြီ။ ဒါပေမဲ့ မနက်မိုးလင်းကျောင်းမှာ ကလေးတွေဘုရားရှိခိုးသံကြားတိုင်း ကျွန်မရဲ့စိတ်နှလုံးမှာ အေးချမ်းရစမြဲ။ နှစ်တွေ၊ ရာသီတွေ ဘယ်လိုပြောင်းပြောင်း ဒီအသံလေးတွေက ရိုးသွားတယ်မရှိဘဲ တိုးတိုးပြီးတော့သာ နားဝင်ပီယံရှိနေလိုက်ကြတာ။
ဆယ်ကျော်သက်အရွယ်မရောက်သေးတဲ့ ငါးတန်းကျောင်းသားလေးတွေရဲ့ အတန်းပိုင်ဖြစ်ရတာလည်း ကျွန်မအတွက် ကံကောင်းခြင်းတစ်မျိုးပဲ။ ဆယ်ကျော်သက်အရွယ်တွေက ထိန်းရခက်၊ မေးခွန်းတွေကထုတ်နဲ့။ ကျွန်မတော့မကြိုက်ပါဘူး။ ဗုဒ္ဓရဲ့တရားတော်တွေကို မေးခွန်းထုတ်သံသယဝင်တဲ့ ဒိတ္ထိတွေအပေါ်တော့ ကျွန်မသိပ်ပြီးစိတ်ကောင်းစေတနာမထားနိုင်ဘူး။ ယဉ်ကျေးလိမ္မာသင်တန်းလေးတွေ ပေါ်လာတာလည်းကောင်းလိုက်တာဆိုတာ။ ကလေးတွေကို ငယ်ငယ်တည်းက ဗုဒ္ဓဘာသာသာအမြင့်မြတ်ဆုံး၊ အကောင်းဆုံး၊ အစစ်မှန်ဆုံးဆိုတာတွေကို စိတ်ထဲစွဲနေအောင်သင်ထားပေးရမယ်လေ။ တစ်ခြားဘာသာတွေဆိုတာ အနှစ်မရှိတဲ့အလိမ်အညာတွေပါပဲ။ ဟိုလူကလာကယ်မယ်ပြောလိုက်၊ ဒီလူကလာကယ်မယ်ပြောလိုက်နဲ့ လူတွေကိုဖျားယောင်းနေတာ။ ကျွန်မတို့ဗုဒ္ဓဘာသာကတော့ ရှင်းတယ်။ ကိုယ်လုပ်မှကိုယ်ရမှာ။ ဘယ်သူမှလာမကယ်ဘူး။ ဒါကိုနားမလည်နိုင်ကြဘဲ အတုအယောင်ဖျားယောင်းသွေးဆောင်မှုတွေနောက် ကောက်ကောက်ပါအောင်လိုက်ပြီး ဗုဒ္ဓရဲ့တရားတော်ထွန်းကားတဲ့အခါသမယမှာတောင် တရားတော်ကိုမရကြရှာတဲ့သူတွေများ ရင်နာဖို့ကောင်းလိုက်တာ။ ကုလားတွေဆို အဆိုးဆုံးပဲ။
ဪ....
အနောက်တန်းက ကလေးတွေဆိုတာလည်း နှစ်တိုင်းဒီလိုပဲ။ သူများတွေ ဘုရားရှိခိုးနေချိန်မှာ မရှိခိုးဘဲကြောင်တောင်ကြည့်နေတဲ့ ကလေးတွေကပါသေးတယ်။ မိမဆုံးမဖမဆုံးမလေးတွေ ပါလား။ ကျွန်မလည်း သူတို့နားမှာပါတ်ပြီး လမ်းလျှောက်နေလိုက်တယ်။ ဘယ်လောက်တောင် အသဲယားဖို့ကောင်းသလဲဆိုတော့ ကျွန်မကိုမြင်တာတောင် ဒီနှစ်ယောက်ကဘုရားမရှိခိုးသေးဘူး။ ကြောင်တောင်ကြည့်နေတုန်းပဲ။ ကလေးတွေသာဓုခေါ် ဘုရားရှိခိုးပြီးတော့ ကျွန်မလည်းသူတို့လေးတွေကို လမ်းမှန်ရောက်အောင် ဆုံးမဩဝါဒချွေရတော့တာပေါ့။
"ကဲ ။ သားတို့သမီးတို့လည်း ဒီနေ့မှကျောင်းစတက်တာဆိုတော့ ဆရာမနာမည်ကို အရင်မိတ်ဆက်ရမှာပေါ့။ ဆရာမနာမည်က ဒေါ်ထွေးထွေးသန်းပါ။ " ဆိုပြီး ကျောက်သင်ပုန်းပေါ်မှာ ကျွန်မနာမည်ကိုရေးချပေးလိုက်တယ်။
"ဆရာမနာမည် ဘယ်သူတဲ့လဲ။"
"ဒေါ်ထွေးထွေးသန်းပါ။" ကလေးများက ပြိုင်တူအော်ကြတယ်။
"ဆရာမလည်း သားတို့၊သမီးတို့ ကျောင်းပထမဆုံးတက်တဲ့နေ့မှာ လိမ္မာယဉ်ကျေးတဲ့ လူတော်လူမော်၊လူယဉ်ကျေးလေးတွေဖြစ်အောင် ဆုံးမရမယ်လေ။ စာတွေဘယ်လောက်ပဲတော်နေနေ ဘုရား၊တရားမသိတဲ့ ကလေးတွေဆို အကျင့်စာရိတ္ထလည်း ကောင်းမှာမဟုတ်ဘူး"
စကားပြောနေတုန်း အခန်းအပေါက်ဝကို မျက်စိကရောက်သွားတော့ ကောင်မလေးတစ်ယောက် ဟိုကြည့်သည်ကြည့်နဲ့။ စာသင်ချိန်ကြီး ဘာလုပ်နေပါလိမ့်။ ခေါ်ဆူပြီး အတန်းပြန်ခိုင်းလိုက်အုံးမှ။
"သမီး။ သမီး။ ဟဲ့" ကျွန်မခေါ်လိုက်တဲ့အသံကြောင့် ကောင်မလေးက ကျွန်မကိုလှမ်းကြည့်တယ်။
"အေး။လာအုံး"
ကောင်မလေးက မခို့တရို့လေး အခန်းထဲဝင်လာတော့
"သမီးဘယ်အတန်းကလဲ။ ကျောင်းတက်ချိန်ကြီးမဟုတ်ဘူးလား။ ကိုယ့်အတန်းမှာ ကိုယ်မနေဘဲ ဘယ်တွေလျှောက်သွားနေတာလဲ"
"ဪ
ဟုတ်။ ဆရာမ။
ကျွန်မက ဒီနေ့မှစဝင်မယ့် အလယ်တန်းပြအသစ်ပါ။ ငါးတန်းသိပ္ပံနဲ့ အင်္ဂလိပ်သင်ရမှာ။ အဲ့ဒါအခုတည်းက ငါးတန်းအခန်းတွေ လိုက်ကြည့်ထားတာ"
"ဆရာမလား။ ကျောင်းသူလေးထင်နေတာ" ဆိုပြီး ကျွန်မကပြုံးရင်ပြောတော့ ကောင်မလေးကပါ မသက်မသာပြုံးပြတယ်။
"ဟုတ်။ လူကောင်ကသေးတော့လေ။"
"ဒါကငါးတန်းBခန်း။ အမက ဒီအခန်းအတန်းပိုင်။ အခုပဲကလေးတွေကို ဗုဒ္ဓဘာသာအကြောင်းရှင်းပြနေတာ။ ပထမဆုံးကျောင်းတက်တဲ့နေ့မှာ ကျက်သရေရှိသွားအောင်လေ။"
"ဪ။ ဟုတ်ကဲ့။"
"ညီမလည်း ဗုဒ္ဓဘာသာပဲမဟုတ်လား။ ခရစ်ယာန်တွေဘာတွေတော့ မဟုတ်ပါဘူးနော်" ဆိုပြီး ရယ်ရယ်မောမောနောက်ပြီးပြောလိုက်တော့ ကောင်မလေးကစူးခနဲတစ်ချက်ကြည့်တယ်။
"ဖေဖေနဲ့မေမေကတော့ ဗုဒ္ဓဘာသာပါ။ ကျွန်မကတော့ဒီလိုပါပဲ"
ဒီလိုပါပဲ....
ဘာကိုဒီလိုပါပဲလဲ။ ဘာသဘောလဲ။ ဘာသာရေးမကိုင်းရှိုင်းဘူးပြောချင်တာလား။
"မိရိုးဖလာ ဗုဒ္ဓဘာသာပေါ့ဟုတ်လား"
"အဲ့လိုဝောာ့လည်း မဟုတ်ဘူးအမ။ ဘယ်ဘာသာအပေါ်မှ အစွဲမရှိပါဘူး"
ဘုရားရှင်ကို သက်ဝင်ယုံကြည်တာကို အစွဲလို့ခေါ်တယ်တဲ့လား။ အခုခေတ်လူငယ်တွေများ တရားမသိ၊ဓါးမရှိနဲ့။ ကလေးတွေကို သူတို့လက်ထဲအပ်ရမှာ ရင်လေးလိုက်တာ။
"ဒါဆို ညီမမှာ ကိုယ်ကျင့်တရားတွေဘာတွေ မရှိဘူးပေါ့။ ငါးပါးသီလတောင် လုံစရာမလိုဘူးပေါ့။ လွတ်လပ်လိုက်တာ အခုခေတ်လူငယ်တွေများ"
ကောင်မလေးမျက်နှာက ရဲခနဲတက်လာပြီး
"အဲ့လိုတော့မဟုတ်ပါဘူး ဆရာမရယ်။ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားနဲ့ ဘာသာရေးနဲ့က ပါတ်သက်ဆက်နွယ်မှုသိပ်မရှိဘူးလို့ ကျွန်မတော့ထင်တယ်။ ဘာသာရေးဆိုတာ ဟိုးအရင်တုန်းကလူတွေအများကြီးကို တစ်စုတစ်စည်းတည်းထိန်းချုပ်နိုင်ဖို့ ဖန်တီးခဲ့တာလို့ထင်တယ်။ အဲ့ဒါကြောင့် အခုခေတ်လိုပညာတတ်တွေပေါလာတဲ့အချိန်မှာ၊ လူတွေရဲ့အတွေးအခေါ်တွေ တိုးတက်လာတဲ့အချိန်မှာ ဘာသာရေးကပြောသမျှအတိုင်း လိုက်ပြီးနေနေတာထက် ကိုယ့်စိတ်ကူးနဲ့ကိုယ်ကျင့်ကြံတွေးတော..."
"ရပြီ။ ရပြီ။ ညီမ။ ဆက်မပြောတော့နဲ့နော်။ ကလေးငယ်ငယ်ရွယ်ရွယ်လေးတွေမှာ အဆိပ်အတောက်အတွေးအခေါ်တွေ မဝင်သွားစေချင်ဘူး။ ညီမပြောချင်လွန်းအားကြီးရင် နောက်မှအမကို သက်သက်ပြောနော်။"
"မဟုတ်။
ကျွန်မကအမပြောလို့ပြန်ပြော။
ဟုတ်။ ဟုတ်။ သွားလိုက်အုံးမယ်နော်"
စကားကြီးစကားကျယ်တွေပြောပြီး အခုကျတော့အထစ်ထစ်အငေါ့ငေါ့နဲ့ပါလား။ ဒီလိုပဲလေ။ ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့သာပေါ့။ ကိုယ်ကျင့်တရားသေးနုပ်တဲ့သူတွေက ဘုရား၊တရားအကြောင်းအပြောခံရရင် ဒီလိုပဲပေါ့။ ကျွန်မမှာ ယောက်ျားမရှိတာတောင်ခပ်ကောင်းကောင်း၊ ယောက်ျားသာရှိရင် သူများယောက်ျားတောင်မရှောင်ကြံရင်ကြံမှာ။ ဒီလိုဟာမျိုးတွေက ပြောလို့မရဘူး။
"ကြော်ငြာဝင်တာနဲ့ ခုနကပြောနေတာတောင် ဘယ်ရောက်သွားပြီလဲမသိဘူး"
ကျောင်းသားလေးများက သဲ့သဲ့လေးရီကြရှာတယ်။ သာယာလိုက်တဲ့အသံပါလား။ ဒီလိုကလေးတွေကို ဖျက်ဆီးမယ့်သူတွေကလည်း အသင့်ရှိနေတာစိတ်မချမ်းသာစရာပဲ။
"ဆရာမပြောနေတာ သားတို့သမီးတို့ကိုလူကောင်းလေးတွေဖြစ်အောင် ဘာသာရေးကိုင်းရှိုင်းဖို့ပြောနေတာ။ ခုနက ဘုရားရှိခိုးတော့ ဘုရားလိုက်မရှိခိုးတဲ့ ကလေးတွေတွေ့လို့။ ဘာလို့လိုက်မရှိခိုးကြတာလဲ။ ဒါသားတို့၊သမီးတို့ကောင်းဖို့အတွက် ကျောင်းချိန်ကနေဖဲ့တောင် ပေးထားရတာလေ"
ကလေးများက အသံတိတ်နေကြတယ်။ ဘုရားမရှိခိုးတဲ့ ကောင်လေးနှစ်ယောက်ထဲကတစ်ယောက်က မလုံမလဲဖြစ်နေတယ်။ ခဏနေတော့ လက်ထောင်ပြီး
"သားက ခရစ်ယာန်မို့လို့ပါ" ဆိုပြီး တိုးတိုးလေးလှမ်းပြောတယ်။ အမှောင်ဖုံးနေကြတဲ့ အမိုက်အမဲလေးတွေပါလား။ ဗုဒ္ဓသာသနာတော်ကြီးနဲ့ ကြုံခွင့်ဆုံခွင့်ရတဲ့အချိန်မှာတောင် မျက်ကန်းနေလိုက်ကြတာ။
"သားကဘာသာခြားလား။ ဘာသာခြားဆိုတော့လည်း ပြောရတော့အခက်သား။ ဒါပေမဲ့ကောင်းမှုကုသိုလ်တွေလုပ်ပြီး ကောင်းတဲ့ဘုံဘဝမှာ မစံစားချင်ဘူးလားသား"
ကလေးကခေါင်းငြိမ့်ပြတယ်။
"နောက်ဆို သူများဘုရားရှိခိုးရင် သားလည်းသူတို့လိုပဲလက်အုပ်လေးချီပြီး ကိုယ့်ဘုရားကိုယ်အာရုံပြုထားရမယ်နော်။ သူတို့ဆိုတာ လိုက်မဆိုလည်းရတယ်။ ကိစ္စမရှိဘူး။ အဆင်ပြေတယ် သားလေး"
ကလေးက နောက်တစ်ခါခေါင်းငြိမ့်ပြရင်း
"ဟုတ်။ဆရာမ"
"ဘေးကသားကရောအတူတူပဲ ဘာသာခြားပဲလား"
စပ်ဖြီးဖြီးရုပ်ကို ထိန်းချုပ်ထားတဲ့ပုံနဲ့ကလေးက
"မဟုတ်ပါဘူး။ ဆရာမ"
"ဒါဆိုသားက ဘာလို့လိုက်မဆိုတာလဲ"
"ဘုရားမရှိခိုးတာ သူတစ်ယောက်တည်းဖြစ်နေလို့ အတူတူလိုက်ထိုင်ပေးတာပါ"
ကလေးများက ပြုံးစိစိဖြင့် ကြည့်နေကြတယ်။
"အနစ်နာခံပေးရှာတဲ့ သူငယ်ချင်းခေါင်းကြီးပေါ့။ ဟုတ်လား"
လို့အငေါ့တူးပြီးပြောလိုက်တော့ ကလေးတွေအကုန်ဝိုင်းရယ်ကြတယ်။
"အကုန်လုံး ဘုရားရှိခိုးနေတာ သူတစ်ယောက်တည်းထိုင်နေရတာဆိုတော့ တစ်မျိုးကြီးဖြစ်နေလို့ပါဆရာမ"
စပ်ဖြဲဖြဲရုပ်လေးကမပျောက်ချင်သေး။
"သားနာမည် ဘယ်သူလဲ"
"မင်းမြတ်စိုးပါ ဆရာမ"
"သားမိသားစုက အဆင်ပြေကြလား။ ဆရာမဒါသားကိုနှိမ်တာ မဟုတ်ဘူးနော်။ သားကိုကြည့်လိုက်တာနဲ့ ဘယ်အခြေအနေမှန်း ဆရာမခန့်မှန်းမိတယ်။ သားအနေနဲ့ သံသရာတစ်လျှောက်လုံး ဒီလိုပဲ ဆင်းဆင်းရဲရဲနဲ့ ဝဋ်ဒုက္ခတွေ ထပ်ခံစားချင်သေးရင်တော့ ဘုရားမရှိခိုးနဲ့ပေါ့"
အနည်းငယ်ရှက်သွားပုံရသော ကောင်လေးက အခုမှမပွင့်တပွင့်အသံလေးဖြင့်
"ဘုရားရှိခိုးရင် ချမ်းသာမှာလားဆရာမ"
"ချမ်းသာချင်တဲ့စိတ်ကြီးနဲ့ရှိခိုးရင်တော့ ဘယ်ချမ်းသာမလဲသားရယ်။ စိတ်ထဲကနေ ယုံယုံကြည်ကြည်နဲ့ရှိခိုး၊ အလှူအတန်းတွေ သဒ္ဒါတရားထက်ထက်သန်သန်နဲ့လုပ်ရင် ချမ်းသာလာမှာပေါ့သားရဲ့"
ကျန်ကလေးများက ပြုံးစိစိနဲ့ကြည့်နေကြပေမဲ့ မင်းမြတ်စိုးဆိုတဲ့ကလေးက မလျှော့သေးဘဲ
"သားတို့အိမ်မှာက တစ်ခါတစ်လေဆေးခန်းသွားဖို့တောင်အနိုင်နိုင်" လို့တိုးတိုးလေးပြောတယ်။
"ဒါကတော့ သားရယ်။ ညောင်စေ့လောက်လှူပေမဲ့ ညောင်ပင်ကြီးလောက်ရဆိုသလိုပေါ့။ မရှိရှိတဲ့ထဲကဖဲ့လှူရမှာပေါ့။ အခုဘဝမျက်စိတစ်မှိတ်အတွက်ပဲ မကြည့်နဲ့လေ။ နောက်သံသရာအတွက် ကြည့်ရမယ်သားရဲ့။"
"ဆရာမပြောတဲ့သံသရာဆိုတာကြီးက တကယ်ရှိမနေခဲ့ရင်ရော"
ဒီကောင်လေးပြောရတာ လက်ပေါက်ကပ်လိုက်တာ။မိဘတွေက စားဝတ်နေရေးအတွက်နဲ့လုံးပန်းနေကြရတော့ သားသမီးတွေကိုဘာမှမသင်ပြပေးနိုင်ကြဘူး။
"သံသရာဆိုတာ တကယ်ရှိတာပေါ့သားရဲ့။ ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်ဟောထားတာပဲ။ မရှိဘဲနေမလား။ ဗုဒ္ဓဘာသာဖြစ်ပြီး အဲ့လိုအဓိပ္ပါယ်မရှိတဲ့မေးခွန်းတွေ မမေးရဘူးလေ။ သားရဲ့။ ကဲ ကဲ။ ဒီမနက်ဆရာမလေပေါတာလည်း တော်တော်များနေပြီ။ စာစသင်ရအောင်။ သားတို့နှစ်ယောက်လည်း နောက်ရက်ကို ဘုရားလိုက်ရှိခိုးရမယ်နော်။ ဘာသာခြားသားလေးကတော့ မျက်စိလေးမှိတ်ပြီး ဝတ်ပြုနေရုံဆိုရပြီ"
"ဟုတ်..." တိုးတိုးလေး သံပြိုင်နှစ်သံ ထွက်လာသည်။နားဝင်ပီယံရှိပေစွ။
___
ဥပုဒ်နေ့တွေဆို ကျွန်မကတော့ ရွာဦးဘုန်းကြီးကျောင်းကို ဆွမ်းမပြတ်ကပ်တာပဲ။ ကုသိုလ်ဆိုတာ လူဖြစ်တုန်းပဲရနိုင်တာလေ။ ဒီနေ့လည်း ဘုန်းဘုန်းဘုရားတို့ဘုန်းပေးရအောင် ငါးသလောက်ဆီပြန်ရယ်၊ ဝက်သားပုန်းရေကြီးရယ်၊ ငါးခြောက်ဖုတ်တွေရယ်ကို ဆွမ်းနဲ့အတူ ငါးဆင့်ချိုင့်ကြီးနဲ့ထည့်လာတာ။ ဘုန်းဘုန်းတို့ကျောင်းက ကျောင်းထိုင်ဘုန်းကြီးဦးဇင်းဦးသောမရဲ့ ဘုန်းတံခိုးကြောင့် ဆွမ်းကွမ်းဆိုတာ ကျောင်းမှာအလျှံအပါယ်ပဲ။ ဒကာဒကာမတွေလှူထားတဲ့အထဲကမှ ကောင်းပေ့ညွန့်ပေ့ဆိုတာတွေကိုရွေးပြီး ဘုရားဆွမ်းတော်တင်တာ။ ဘုရားဆွမ်းတော်တင်ထားတာတွေကိုလည်း ဘုရားကိုအပြီးအပြတ်လှူလိုက်တာဆိုပြီး စွန့်ပြီးတာနဲ့လွှတ်ပစ်လိုက်ကြတာ။ လူလည်းမစား၊ ဘုန်းကြီးလည်းဘုန်းမပေးရဘူး။ သဒ္ဒါတရားထက်သန်ပြီး စွန့်လွတ်နိုင်စွမ်းကြီးမားလိုက်ကြတာ။ ရွာထဲမှာတော့ ကျွန်မနဲ့အပြိုင်ဆွမ်းချက်နိုင်တာဆိုလို့ ကျေးရွာအုပ်ချုပ်ရေးမှူဦးထွန်းလှရဲ့ဇနီး ဒေါ်ယဉ်ငြိမ်းတစ်ယောက်ပဲရှိမယ်။
ကျွန်မဆွမ်းကွမ်းဆက်ကပ်တဲ့လက်ရာဘယ်လောက်ပဲကောင်းကောင်း ကျောင်းထိုင်ဘုန်းကြီးကကျွန်မကိုအရေးတယူရှိလှတာ မဟုတ်ဘူး။ ကျွန်မတင်မဟုတ်ဘူး ဘယ်သူ့ကိုမှ အရေးတယူမရှိတာ။ ကျောသားရင်သားမခွဲခြားဘဲ တပြေးတည်းဆက်ဆံတာ။ သိပ်လည်းစည်းကမ်းကြီးတဲ့ဘုန်းကြီး။ သက်တော်၅၀ကျော် ခန္ဓာကိုယ်တော်ကလည်း ခပ်ဖိုင့်ဖိုင့်နဲ့ဆိုတော့ သိပ်ကိုကြည်ညိုစရာကောင်းတာ။ ဆွမ်းချိုင့်ကိုဦးဇင်းလေးဆီမှာကပ်နေတုန်း ကျောင်းကဆရာမလေးခင်ဆွေမြင့်ပါချိုင့်တစ်လုံးနဲ့ ရောက်လာတယ်။ ခင်ဆွေမြင့်ကိုတွေ့ကာစက ကျောင်းသူလေးထင်လို့ အခုစာသင်နှစ်နှစ်ဝက်လောက်ရောက်လာတော့လည်း မျက်စိထဲမှာဆရာမရုပ်ပဲမြင်တော့တယ်။ ကျွန်မကိုတွေ့တော့ ခင်ဆွေမြင့်ကပြုံးပြရင်း
"ဆရာမလည်း ဆွမ်းချိုင့်လာပို့တာလား" ဆိုပြီးနှုတ်ဆက်ရှာတယ်။
"ဟုတ်တယ်။ အမကဥပုဒ်နေ့ဆို ဆွမ်းချိုင့်ပို့နေကျလေ။ ညီမကိုအရင်ကမတွေ့မိပါဘူး။"
"ဟုတ်တယ်ဆရာမ။ ဒီနေ့အိမ်ကလူတွေ မအားကြလို့ ကျွန်မအစားလာပို့ပေးတာ"
အင်း။ ဒိတ္ထိမကတော့ ဒိတ္ထိမလေသံအတိုင်းပဲ။ အနည်းဆုံးတော့ ကျောင်းရောက်လာတယ်ဆိုတော့ ကျွတ်တန်းဝင်ဖို့နီးစပ်သေးတာပေါ့လေ။ ကျွတ်ဖို့ကတော့အပျိုကြီးထဘီလိုပဲ ခက်အုံးမယ်။
"ဟုတ်လား။ ကောင်းတာပေါ့ညီမရယ်။ ဘုရားရိပ်၊ တရားရိပ်ဘယ်လောက်အေးချမ်းလိုက်သလဲ။ ညီမလေးလည်းတစ်ချိန်မှာ အမှန်တွေမြင်လာမှာပါ။ ကျောင်းကိုမကြာမကြာလာ။ ဟုတ်ပြီလား"
ခင်ဆွေမြင့်က ကျွန်မကိုတစ်ချက်လှမ်းကြည့်ပြီး တစ်ခုခုပြောမလိုလုပ်နေတုန်း
"မင်းလားကွ။ ဘာဖြစ်လို့ခိုးစားရတာလဲ" ဆိုတဲ့အသံနက်ကြီးတစ်ခု ပေါ်လာတယ်။ ကျွန်မတို့နှစ်ယောက်ရော၊ ဘုန်းကြီးကလေးပါ လန့်ဖျတ်ကာ အပြင်ပြေးထွက်လာကြတယ်။ အပြင်ရောက်တော့ ကျောင်းထိုင်ဘုန်းကြီးဦးသောမက လက်ထဲမှာကြိမ်လုံးကြီးတစ်လုံးကိုကိုင်ထားပြီး သူ့ရှေ့မှာကလေးတစ်ယောက်ကငိုယိုနေတယ်။ နှုတ်ခမ်းတစ်ဝိုက်မှာလည်း ကိတ်မုန့်ခရင်တွေပေပွနေတာပဲ။ စုတ်ပြတ်ပြတ် အင်္ကျီလေးနဲ့ကလေးကို သေချာကြည့်မိတော့မှ ကျွန်မအတန်းကမင်းမြတ်စိုးလေးပဲ။ ဒီကောင်လေးက ဆိုးကိုဆိုးပါတယ်။ ဘုန်းဘုန်းဆုံးမမှပဲ အချိုးပြောင်းလောက်မယ့် ကောင်လေး။
"ငါမေးတာဖြေစမ်း။ ဘာလို့ခိုးစားရတာလဲ။"
မင်းမြတ်စိုးလေးက မျက်စိမျက်နှာပျက်နှပ်ချေးတွဲလောင်းဖြင့် ငိုယိုနေရာမှ
"တပည့်တော်မစားဖူးလို့ စားကြည့်ချင်လို့ပါဘုရား။ ကပ္ပိယကြီးပြောတာက ဘုရားဆွမ်းတော်တင်ပြီးရင်လွှတ်ပစ်မှာဆိုလို့ လွှတ်ပစ်မယ့်အတူတူ တပည့်တော်ပဲစားလိုက်မယ်ဆိုပြီး စားလိုက်မိတာပါဘုရား"
လက်အုပ်လေးချီကာ တရှုံ့ရှုံငိုနေတယ်။
ဒီကလေးနှယ့် ခိုးစားတုန်းကစားပြီး အခုမှငိုယိုပြနေလို့ဘယ်ဖြစ်မလဲ။ မသိရင် ဘုန်းတော်ကြီးကပဲ မတရားလုပ်နေသလိုလိုနဲ့။ လူငယ်လူရွယ်လေးတွေကို ငယ်တုန်းရွယ်တုန်းမှာ မကောင်းတဲ့လမ်းမရောက်အောင် အမုန်းခံပြီးဆုံးမနေတာဘယ်လောက် မွန်မြတ်လိုက်သလဲ။
"စာသင်နေရင်တော့ ပေါက်ကရတွေမေး။ ဘုရားကိုမယုံသလိုလို။ တရားကိုမယုံသလိုလိုနဲ့။ မင်းမိဘတွေလည်းမနိုင်လို့ ငါ့ဆီအပ်ထားတာပဲနေမှာပေါ့။ မကောင်းကျောင်းပို့ပေါ့လေ ဟုတ်လား"
ဘုန်းကြီးကပြောပြောဆိုဆို တုတ်ကိုရွှမ်းခနဲလွှဲကာ အားနဲ့ရိုက်ချလိုက်တယ်။ မင်းမြတ်စိုးလေး၏ကျောပေါ်တွင် ကြိမ်ဖြင့်ရိုက်ခတ်နေသံက ဖြန်းခနဲ၊ဖြန်းခနဲပဲ။ နာသွားပုံရသည့်ကလေးက လက်နှစ်ကိုခေါင်းပေါ်တင်ကာ မျက်နှာကိုဝှက်ထားဖို့ ကြိုးစားနေတယ်။ မင်းမြတ်စိုးလေးအမူအရာပျက်လေ ဒေါသထွက်နေသည့်ဘုန်းကြီးက စိတ်တိုတိုနှင့် ရိုက်ချလေနဲ့။
"ခိုးစားဖို့တော့ တတ်တယ်ဟုတ်လား" ဟုပြောကာ အားရပါးရ တရွှမ်းရွှမ်းကြိမ်စင်္ကြာလှည့်နေသလိုကို ရိုက်နေတာ။ တပည့်၊ သားသမီး မကောင်းတာလုပ်ရင် ကောင်းတာညွှန်ပေးရမည့် ဆရာကောင်းတို့၏ဝိနည်းနှင့်အညီ ဘုန်းဘုန်းကတရားမျှတစွာဆုံးမနေတာပဲ။ ဒီလိုမှမဆုံးမထားရင် တစ်ချိန်ဒီကောင်လေး ကွန်မြူနစ်ဖြစ်မလာဘူးလို့ ပြောလို့ရမလား။ ဘုရားရွှေခွာချင်တဲ့ ကွန်မြူနစ်တွေ။ အမလေးလေး။ တွေးရုံနဲ့တင် ကြောက်ဖို့ကောင်းလိုက်တာ။ လူဆိုတာ ခန္ဓာရှိသရွေ့ ဒုက္ခကထပ်ကြပ်မကွာလိုက်နေမှာပဲ။ ဒါကိုနားမလည်ဘဲ ငတ်နေတဲ့သူတွေအတွက်ဆိုပြီး ဘုရားရွှေခွာချင်တဲ့ ကွန်မြူနစ်တွေဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ဘုရားကသံသရာဝဋ်ဆင်းရဲက လွတ်မြောက်စေတဲ့လမ်းကြောင်းပေးခဲ့တာကိုတော့ မကျင့်ကြံဘဲ အရိုင်းအစိုင်းလမ်းစဉ်ကိုလိုက်သွားကြတာ။ အခုအချိန် ဒီကောင်လေးကိုမဆုံးမနိုင်ရင် တစ်ချိန်ဒီလိုဖြစ်လာမှာပဲ။
ခင်ဆွေမြင့်ကိုကြည့်လိုက်တော့ သရဲတစ်ကောင်ကိုမြင်နေသလိုမျက်နှာပေါ်မှာ အံ့ဩထိတ်လန့်ရိပ်တို့က အထင်းသားပေါ်လွင်နေတယ်။ ဘုန်းကြီးဆီကိုတိုးသွားတာကို သတိထားမိတာနဲ့ ကျွန်မလည်းသူ့လက်ကိုလှမ်းဆွဲပြီး
"ဘုန်းဘုန်းဆုံးမနေတာကို ဝင်မရှုပ်ချင်စမ်းနဲ့"
ဆိုပြီးခပ်ပြတ်ပြတ်ပြောလိုက်တော့ ကျွန်မကိုလှည့်ကြည့်တယ်။ အရူးတစ်ယောက်လို နဝေတိမ်တောင်မျက်လုံးမျိုးနဲ့။
"ဒါဆုံးမနေတာမှ မဟုတ်တာ။ ကလေးတစ်ခုခုဖြစ်သွားနိုင်တယ်"
ဆိုပြီးတုန်တုန်ရီရီနဲ့ ပြောတယ်။ ကျွန်မသူ့ကိုလွှတ်ပေးလိုက်ရင်တောင် တုန်ရီနေတဲ့သူ့ပုံစံကြည့်ရတာ ရှေ့ဝေးဝေးတောင်ရောက်မယ်မထင်။ လူငယ်တွေများ ပျော့ကိုပျော့လွန်းတယ်။
မြေပြင်ပေါ်မှာဆောင့်ကြောင့်လေးထိုင်ရင်း မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ထားရှာတဲ့ကလေးက အသားကုန်ငိုယိုနေတယ်။ နားတွေညီးလိုက်တာ။ ကလေးကငိုလေ ဘုန်းကြီးက ဒေါသထွက်လေ။ ကြိမ်နဲ့နင်းရိုက်လေနဲ့။ ခဏကြာတော့ မြေပြင်ပေါ်ကကလေးကို ခြေထောက်တစ်ဖက်နဲ့ပိတ်ကန်ချလိုက်တယ်။ ကလေးကမြေကြီး ပေါ်မှာ လိမ့်ဆင်းသွားတယ်။ ဒီလိုကလေးစားမျိုး အခုတည်းက ဒီလိုဦးချိုးထားမှ တော်ကာကျမှာ။ ခင်ဆွေမြင့်တို့လိုလူမျိုးတွေများလာရင် ဘာသာ၊သာသနာကွယ်ပျောက်ပြီး အမိသတ်၊အဖသတ်တွေ ပေါများလာမှာ။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းမရှိတဲ့ နောင်လာနောက်သားတွေက ရိုင်းစိုင်းကြမ်းတမ်းလာပြီး အကြင်နာတရားခေါင်းပါးလာကြလိမ့်မယ်။ နည်းမျိုးစုံနဲ့ဖိနှိပ်အနိုင်ကျင့်နေတဲ့ကြားက ဗုဒ္ဓဘာသာကြီးမကွယ်ပျောက်တာ ကျွန်မတို့လိုလူတွေ၊ ဦးသောမတို့လိုသာသနာ့ဝန်ထမ်းနေတဲ့ဦးဇင်းတွေကြောင့် အများကြီးပါတယ်။ ဒါကြောင့်ဘုန်းဘုန်းဘုရားရဲ့ ဦးဆောင်မှုနောက်ကို ကျွန်မတို့အနောက်ကနေ သေချာလိုက်ဖို့လိုတယ်။
"ကဲ ကဲ။ မင်းသွားတော့။ နောက်ကိုခိုးစားမယ်ဆိုရင် ဒီကြိမ်လုံးရာကိုသတိရ။ ကြားလား"
ကလေးကငိုနေတာ မျော့မျော့ပဲကျန်တော့တယ်။ အားရလိုက်တာ။ ကိုယ်ကျင့်တရားမကောင်းတဲ့၊ ဘာသာသာသနာနားမလည်တဲ့သူတွေကို ဆုံးမနေလိုက်တာ။ သတိရလို့ ခင်ဆွေမြင့်ကိုလှည့်ကြည့်လိုက်တော့ မျက်နှာကဖြူဖတ်ဖြူလျော်နဲ့။ သူ့ကိုလည်း ဂရုမစိုက်ချင်တော့။ ကိုယ့်ဖာ့သာပဲဦးဇင်းလှယ်ပေးထားတဲ့ချိုင့်လေးပြန်ဝင်ယူရင်း အိမ်ပြန်လာခဲ့လိုက်တော့တယ်။
___
ညနေ ၆နာရီခွဲ၊ ၇နာရီလောက်ဆို ကျွန်မအမြဲဘုရားရှိခိုးတယ်။ ဘုရားရှိခိုးပြီးရင် အရပ်၁၀မျက်နှာကို မေတ္တာပို့တယ်။ နေ့စဉ်အသစ်သစ်ဖြစ်နေတဲ့သတ္တဝါအပေါင်းတို့ ကျွတ်တန်းဝင်စေချင်တဲ့စေတနာနဲ့ တစ်ရက်မှ ဘုရားရှိခိုးအမျှဝေတာကို အပျက်မခံခဲ့ဘူး။ ၂၄ပစ္စည်းပဌာန်းအကျယ် ရွတ်နေတုန်းမှာပဲ အိမ်တံခါးခေါက်သံကြားလိုက်ရတယ်။ ဘုရားရှိခိုးနေတုန်း ဘယ်သူများလာပါလိမ့်။ အလုပ်ရှုပ်လိုက်တာ။ တံခါးဖွင့်လိုက်တော့ ဘုန်းကြီးကျောင်းသားလေးထွန်းလွင်က ရပ်စောင့်နေတယ်။
"ဆရာမကို ဆရာတော်ကြီးကခေါ်ခိုင်းလိုက်လို့ပါ။"
"ဟေ...
ဘာဖြစ်လို့လဲ။ ဒီအချိန်ကြီးကျမှ"
ဆယ့်လေးငါးနှစ်လောက်ပဲရှိအုန်းမည့် ထွန်းလွင်ကခေါင်းကုတ်ရင်း မသက်မသာပုံစံဖြင့်
"ကျောင်းမှာနေတဲ့ ဘုန်းကြီးကျောင်းသားလေး ဆုံးသွားလို့ဆရာမ။ အဲ့ဒါသူကြီးရော၊ ရဲရော ရောက်နေတယ်။ အဲ့ဒါ ဆရာမကိုပါ ခေါ်ခိုင်းလိုက်လို့"
"ဟယ်...
ဘယ်သူဆုံးသွားတာလဲ။ ဘယ်လိုဖြစ်ပြီးတော့လဲ။ ဘာလို့ရဲတွေပါ ရောက်နေရတာလဲ"
"သေချာတော့မသိဘူး ဆရာမ။ ဆရာတော်ကြီးရိုက်လိုက်လို့လို့လည်း ပြောနေကြတယ်"
ဪ
နေ့လည်ကတွေ့ခဲ့တဲ့မင်းမြတ်စိုးလေးနေမယ်။
ဘုရား
ဘုရား
ဘယ်တတ်နိုင်မလဲ။ သတ္တဝါတစ်ခု၊ ကံတစ်ခုပေါ့။ ကျွတ်ချိန်တန်လို့ ကျွတ်သွားတာပဲ။ အရင်ဘဝကမ ကောင်းတာလုပ်ခဲ့လို့ ဒီဘဝမှာဝဋ်ကြွေးဆပ်ရတာပဲနေမယ်။
"အေး အေး။
လိုက်ခဲ့မယ်။ ခဏလေး။ လိုရမယ်ရ ဓါတ်မီးလေးဘာလေး ယူခဲ့အုံးမယ်"
ရွာဦးဘုန်းကြီးကျောင်း၊ ကျောင်းဆောင်ကြီးထဲရောက်တော့ညဆရာတော်ဘုရားက ပလ္လင်ပေါ်မှာကြည်ညိုဖွယ်အသွင်ဖြင့် သီတင်းသုံးတော်မူနေတယ်။ အောက်မှာအုပ်ချုပ်ရေးမှူးဦးထွန်းလှနဲ့ ကျေးရွာရဲစခန်းလေးမှရဲဦးတင်ကြိုင်တို့က ကျုံ့ကျုံ့လေးထိုင်နေကြတယ်။ အနားတွင် ဦးထွန်းလှ၏ဇနီးဒေါ်ယဉ်ငြိမ်းနှင့်အတူ ခင်ဆွေမြင့်ကထိုင်နေတယ်။ ခင်ဆွေမြင့်ကဘာကြောင့် ရောက်နေရတာလဲ။ ဒီကောင်မလေးက ကောင်းသောလာခြင်းနဲ့လာတာတော့ မဖြစ်နိုင်ဘူး။ ခပ်နွမ်းနွမ်းအဝတ်အစားနဲ့ လင်မယားဖြစ်ပုံရသောနှစ်ယောက်က ဘေးဘက်ကြမ်းပြင်တွင်အတူတူထိုင်နေကြတယ်။ မယားလုပ်သူက မျက်ရည်လေးစမ်းစမ်းစမ်းစမ်းနဲ့။ နေရာလွတ်နေသော ဦးတင်ကြိုင်နားတွင်ထိုင်ကာဘုန်းတော်ကြီးကို အရင်ဦးချအရိုအသေပြုလိုက်တယ်။ ကျွန်မအရိုအသေပြုပြီးတော့ ဦးတင်ကြိုင်က
"ဆရာမ။
ရောက်ပြီလား။
ကျွန်တော်တို့ဆရာမကိုစောင့်နေကြတာ။"
"ဟုတ်ကဲ့
ဘာဖြစ်လို့လဲ မသိဘူး" မသိချင်ယောင်ဆောင်ကာ စကားစခွင့်ပေးလိုက်တယ်။
"ဘုန်းကြီးကျောင်းသားလေးတစ်ယောက် ဒီညနေပဲဆုံးသွားလို့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆရာတော်ကြီးကလည်း ဒီနေ့ အဲ့ဒိဘုန်းကြီးကျောင်းသားလေးကို နည်းနည်းဆုံးမမိလျက်သားဖြစ်နေတယ်။ ဆရာတော်ဆုံးမတုန်းက ဆရာမတို့နှစ်ယောက်တွေ့ခဲ့တယ်ဆိုတော့ အဲ့ဒါကျွန်တော့်ကို ဖြစ်စဉ်လေးနည်းနည်းလောက်ပြောပေးနိုင်မလား"
ခင်ဆွေမြင့်ကိုလှမ်းကြည့်လိုက်တော့ စားတော့ဝါးတော့မည့်မျက်လုံးမျိုးနဲ့ ရဲဦးတင်ကြိုင်ကိုကြည့်နေတယ်။ သန္ဓေမကောင်းတဲ့၊ လူကြီးသူမကိုလေးစားရကောင်းမှန်းမသိတဲ့ကောင်မလေးကို လျစ်လျူရှုပြီး
"ဟုတ် ရပါတယ်။
နေ့လည်က ဆွမ်းချိုင့်လာပို့ရင်း ကျောင်းသားလေးတစ်ယောက်ကို ဆုံးမနေတာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ဆရာတော်က ဆုံးမရုံဆုံးမတာပါ။ ကလေးကလည်း ဆိုးပုံရတယ်။ ဘုရားဆွမ်းတော်တွေ ခိုးစားထားတာကိုး။ ဒီလိုပါပဲ မိဘအသိုင်းအဝိုင်းက စားဝတ်နေရေးနဲ့ကလေးကို ဂရုမစိုက်အားတော့ ကြားထဲက ဆရာတော်တို့လိုသူတွေကမှ မထိန်းကျောင်းပေးရင် ဘယ်သူထိန်းကျောင်းပေးမလဲ"
အုပ်ချုပ်ရေးမှူးနဲ့သူ့မိန်းမကပါ ခေါင်းလေးဆတ်ရင်း
"ဟုတ်တာပေါ့။ ဟုတ်တာပေါ့။" ဆိုပြီး ရေရွတ်တယ်။
မျက်ရည်တစ်စက်စက်ကျနေသောမိန်းမက အားယူကာ
"ဆရာမပြောလည်း ခံရတော့မှာပဲ။ ကျွန်မတို့မှာ ကိုယ့်ကလေးကိုယ်ဂရုမစိုက်အားတော့ အခုလိုတွေ ဖြစ်ကုန်ရတာ။" လို့ပြောပြီးတသိမ့်သိမ့်ရှိုက်ငိုနေတယ်။
ဘေးမှယောက်ျားဖြစ်ပုံရသောသူက စိုးရိမ်စိတ်ဖြင့် အမျိုးသမီးရဲ့မျက်နှာလေးကိုကြည့်နေတယ်။ နှစ်ယောက်လုံး ပုံစံတွေကတော့ပေစုတ်စုတ်တွေပဲ။
ကျွန်မက
"တရားနဲ့ဖြေပါ ညီမရယ်။ ဘယ်တတ်နိုင်ပါ့မလဲ။ လူဆိုတာ ဒီလိုပဲ သေချိန်တန်သေရမှာပေါ့။"
ခင်ဆွေမြင့်အသံက ကျွန်မတို့အေးအေးဆေးဆေးစကားပြောနေကြတုန်း ရိုင်းစိုင်းစွာနဲ့ထွက်ပေါ်လာတယ်။
"ရှင်တို့ ဘာတွေပြောနေကြတာလဲ။ ကလေးကသွေးရိုးသားရိုးသေတာမှ မဟုတ်တာ။ ကျွန်မတို့ မျက်လုံးရှေ့မှာတင် လူမဆန်အောင် အရိုက်ခံလိုက်ရလို့သေသွားတာလေ"
အသံကိုက စွာလိုက်တာ။ ငါးစိမ်းသည် ကျနေတာပဲ။ မနေနိုင်သည့် အုပ်ချုပ်ရေးမှူးက လှမ်းပြောတယ်။
"သမီးကငယ်သေးပေမဲ့ ဆရာမတစ်ယောက်တောင်ဖြစ်နေပြီပဲ ဆရာတော်ကို ဒီလိုမလေးမစားစကားမျိုးမပြောရဘူးလေ"
သူ့မိန်းမကပါ
"ဟုတ်ပါ့။ အခုခေတ်လူငယ်တွေများ လေးစားမှုမရှိလိုက်တာ"
"ဘာကိုလေးစားရမှာလဲ။ ရှင်တို့အခုပြောနေတာ လူသတ်သမားနော်။ လူသတ်သမားတောင်မှ လူမမယ်ကလေးလေးကို သတ်တဲ့လူသတ်သမား"
ခင်ဆွေမြင့်အသံကကျယ်သထက်ကျယ်လာတယ်။ရဲဦးတင်ကြိုင်က
"ခဏလေး ဆရာမ။ ခဏလေး။ ကျွန်တော်ဆရာတော်ကို လူသတ်သမားလို့မပြောဘူးနော်။ ဆရာတော်မှာ အပြစ်ရှိမရှိ၊ လူသတ်သမားဟုတ်၊မဟုတ် ဆုံးဖြတ်ရမှာ ကျွန်တော့်တာဝန်။ ဆရာမက ကြားထဲကနေ ဘာမှလိုက်စွတ်စွဲနေစရာအကြောင်း မရှိဘူး။ နောက်ပြီး ကလေးကအစတည်းက ကျန်းမာရေးမကောင်းတာ။ ဆရာတော်ရိုက်ရုံနဲ့သေသွားတာ ဟုတ်ချင်မှဟုတ်မှာ"
ကလေးအဖေကပါ။
"ဟုတ်ပါတယ်။ ကလေးက အရင်တည်းက ကျန်းမာရေးမကောင်းတာပါ။ ကျွန်တော်တို့လည်း ဆေးခန်းသေချာမပြနိုင်တာနဲ့ အခြေအနေကဆိုးသွားတယ် ထင်ပါတယ်။"
ခင်ဆွေမြင့်မျက်နှာက ကျောက်ရုပ်တစ်ရုပ်လို တစ်ချက်လေးမှရွေ့လျားခြင်းမရှိဘဲ ပြူးကျယ်သောမျက်လုံးများဖြင့် ကျွန်မတို့အားလုံးကိုကြည့်နေတယ်။
အုပ်ချုပ်ရေးမှူးက
"ဆရာတော်ကလည်း ကလေးအသုဘစရိတ်အတွက် ငွေငါးသိန်းပေးဖို့ ပြောထားပါတယ်။ ပိုတာကတော့ကလေးမိဘတွေ သုံးလိုရာသုံးပေါ့"
ကလေးအမေက ငိုနေရာမှ
"ကျေးဇူးတင်ပါတယ်။ ဆရာတော်ရယ်။ တပြည့်တော်တို့ကို အခုလိုဂရုတစိုက်ရှိတာ။ ဒါပေမဲ့တပြည့်တော်မတို့ အဲ့လောက်များတဲ့ငွေတွေမလိုပါဘူး။ တပြည့်တော်မတို့အရင်ဘဝက မလှူမတန်းခဲ့လို့ ဆင်းရဲခဲ့ရပြီးပြီ။ ပိုတဲ့ပိုက်ဆံနဲ့ ဆရာတော်တို့ကျောင်းမှာပဲ အလှူအတန်းလုပ်ခွင့်ပေးပါ ဘုရား"
ဆရာတော်က ကြည်လင်သောအသံဖြင့်
"ကောင်းတယ်။ ကောင်းတယ်။ ဒကာမ။ ပစ္စည်းအပေါ်တပ်မက်စွဲလမ်းတဲ့ ကိလေသာတဏှာကင်းစင်တာ သိပ်ကိုမွန်မြတ်ပေတယ်"
အကုန်အဆင်ပြေနေတဲ့ကြားက မနေနိုင်မထိုင်နိုင်ခင်ဆွေမြင့်က
"ဒီတော့ ဒါပဲလား။ ဘာမှနောက်ဆက်တွဲမရှိဘူးပေါ့။"
ရဲတင်ကြိုင်က
"ဒါပေါ့ ကလေးမရဲ့။ ဘာနောက်ဆက်တွဲရှိရအုံးမှာလဲ။ ဆရာတော်က ကလေးမကောင်းတာလုပ်လို့ ဆုံးမရုံသက်သက်ဆုံးမတာ။ ကလေးက အရင်တည်းကရောဂါအခံရှိလို့ ဆုံးသွားတာပဲ။ ကလေးမိဘတွေကလည်း ကျေနပ်တယ်။ ကလေးမကတစ်ယောက်တည်း ဘာတွေဖြစ်နေတာလဲ။ ကလေးက ဘုရားပစ္စည်းတွေခိုးခဲ့တယ်မဟုတ်လား။ အဲ့ဒါကြောင့် နောက်မခိုးအောင်ဆုံးမခဲ့တာလေ။ အဲ့လိုမဆုံးမရင် တစ်နေ့ကျ သူခိုးအကြီးစားဖြစ်မလာဘူးလို့ ပြောလို့ရမလား"
ဒီရဲက ဆိုးတော့မဆိုးဘူး။ ခင်ဆွေမြင့်ကို ကလေးမလို့တွင်တွင်ခေါ်ပြီး ခင်ဆွေမြင့်ပြောသမျှစကားတွေကို အရာသိပ်မရောက်တော့တဲ့ပုံစံဖြစ်အောင် တစ်ဆင့်နှိမ့်နေတာပဲ။
ခင်ဆွေမြင့်က တုန်ရင်နေသောအသံဖြင့်
"အခုတော့ အဲ့ဒိတစ်နေ့ကျဆိုတာရှိသေးလို့လား။ ကလေးကသေပြီလေ။ ဘယ်မှာလဲ။ တစ်နေ့ကျဆိုတဲ့ဟာ"
ကျွန်မသတိထားမိသလောက်တော့ ခင်ဆွေမြင့်အသားတွေ တဆတ်ဆတ်တုန်နေတယ်။ မမှန်ကန်တဲ့သူဆိုတော့လည်း ဒီလိုပဲတုန်ဆင်းနေရတာပေါ့။ ကျွန်မလည်းမနေနိုင်တော့ဘဲ
"ညီမ..
အမပြောမယ်။
ညီမလည်း ဆရာမပဲ။ အမလည်း ဆရာမပဲ။ ကလေးတစ်ခုခုမကောင်းတာလုပ်ရင် ဆုံးမရမှာဆရာတွေရဲ့တာဝန် မဟုတ်ဘူးလား။ အဲ့ဒါကို ဆရာတော်ကိုဘာလို့ အပြစ်တင်ချင်နေရတာလဲ။ အမမေးတာဖြေ ကလေးကမခိုးခဲ့ဘူးလား"
"ခိုးတော့ ခိုးခဲ့တယ်လေ။ ဒါပေမဲ့သေတဲ့အထိ ရိုက်စရာမှမလိုတာ"
"ဆရာတော်က သေပါစေဆိုတဲ့စိတ်နဲ့ရိုက်ခဲ့တာမှမဟုတ်တာ ညီမရဲ့။ ကောင်းစေချင်လို့ ရိုက်ခဲ့တာပဲ။ ကလေးကသက်တမ်းဒီလောက်ပဲရှိတာတော့ ဆရာတော်လည်းဘယ်သိခဲ့ပါ့မလဲ။ ထန်းသီးကြွေခိုက်ကျီးနင်းခိုက်ပေါ့ ညီမရယ်"
"ဘာကို ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လဲ။ ကျီးနင်းလို့ထန်းသီးကြွေတယ်ဆိုတာ ရှင်းနေတာပဲ။ ရှင်တို့လူသတ်သမားကို ပလ္လင်ပေါ်တင်ပြီး တရားစီရင်နေသရွေ့ကတော့ မျှတပါလိမ့်မယ်အားကြီးကြီး"
ရဲသားက မနေနိုင်တော့ဘဲ
"ဆရာမ ကျွန်တော်တို့က ဆရာမကို မျက်မြင်သက်သေအနေနဲ့ပဲ ခေါ်ထားတာနော်။ ဆရာမ ဘယ်လိုထင်ထင် အရေးမပါဘူး။ အခုလည်း တစ်ရွာလုံးနဲ့တစ်ယောက်နော်။ ကာယကံရှင်တွေက အစကျေနပ်နေတာကို။ ကျွန်တော်ဆရာမကို ဆရာမမို့လို့သည်းခံနေတာနော်။ ဒီ့ထက်ပိုစွက်ဖက်လာရင် ဝတ္တရားနှောက်ယှက်မှုနဲ့ ဖမ်းရလိမ့်မယ်"
ကျွန်မက
"စိတ်လျှော့ပါကွယ်။ ညီမကငယ်သေးတော့ ဒီလိုတွေ ဘယ်နားလည်လိမ့်အုံးမလဲ။ တစ်နေ့တော့ နားလည်လာမှာပါ။ ဆရာတော်မှာ ဘာမှအမှားမရှိဘူးဆိုတာကို"
ခင်ဆွေမြင့်က ဝုန်းခနဲမတ်တပ်ထရပ်ကာ ကျွန်မတို့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး
"ရှင်တို့သိလား။ မကောင်းဆိုးဝါးတွေဆိုတာ မကောင်းတာလုပ်မယ်လို့ဆုံးဖြတ်ထားတဲ့သူတွေမဟုတ်ဘူး။ သူတို့ကိုယ်သူတို့ ကောင်းတာတွေလုပ်နေတာဆိုပြီး ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးမှန်သမျှကို ဘဲစားဘဲချေ ချေပစ်လို့ရတယ် ထင်နေတဲ့သူတွေပဲ။"
အသံစာစာစာစာနဲ့ လေကြီးလေကျယ်တွေ ပြောနေပါလား။
"ဆရာမ လူကြီးလူကောင်းတွေ စကားပြောနေတာ အေးအေးဆေးဆေး အိန္ဒြေရှိရှိ၊ သိက္ခာရှိရှိပြောပါ။ ဒီလိုမလုပ်ပါနဲ့။ ဆရာမ ဒီလိုဆက်လုပ်နေရင် စခန်းမှာညအိပ်ရလိမ့်မယ်"
ခင်ဆွေမြင့်က အရူးတစ်ယောက်လို ဒေါသချောင်းချောင်းထွက်နေသောအသံဖြင့် မတ်တပ်ရပ်လျက် လက်ကောက်ဝတ်နှစ်ဖက်ကိုပူးကာ ရှေ့သို့တိုးပေးပြီး
"နင့်မေစက်ပက်ကို အဲ့လောက်ဖမ်းချင်နေလည်း ဖမ်းဟယ်။ ဖမ်း။" ဟုပြောကာ ကြမ်းပြင်ကိုဖနောင့်နှင့်ပေါက်ချလိုက်တယ်။
အုပ်ချုပ်ရေးမှူးကတော်က
"ဘုရား
ဘုရား
ဘုန်းကြီးကျောင်းမှာ ဆဲရဲတယ်။ ဒီကလေးမလေးတော့ ငရဲအိုးမှာဂျိုးကပ်မယ့် ဟာလေးပဲ" လို့တီးတိုးရေရွတ်သည်ကို ကျွန်မကြားဖြစ်အောင်ကြားလိုက်သေးတယ်။
ရဲဦးတင်ကြိုင်က တုံ့ဆိုင်းမနေတော့ဘဲ မတ်တပ်ရပ်ပြီးလက်ထိပ်ကိုထုတ်ကာ ခင်ဆွေမြင့်ကို ခတ်ချလိုက်တယ်။ အခုမှ ခင်ဆွေမြင့်တစ်ယောက် ပြူးကျယ်သောမျက်လုံးများဖြင့် အသံတစ်သံမှမထွက်ဘဲ ငြိမ်ကုတ်သွားတော့တယ်။ ဦးတင်ကြိုင်က ဆရာတော်ကိုကန်တော့ပြီး
"တပည့်တော်ကို ခွင့်ပြုပါအုံး။ တပည့်တော်ပြန်လာခဲ့ပါ့မယ်။ လောလောဆယ်တော့ ဒီကလေးမကို ဒီညစခန်းမှာပဲ ထားလိုက်တော့မလို့"
"ဒကာ ကောင်းသလိုသာ စီစဉ်ပါကွယ်။ ဒကာမလေးကိုတော့ စောင့်ရှောက်လိုက်ပါအုံး။ သူလည်း လူငယ်မို့လို့ပါကွယ်" ဆိုပြီး ဆရာတော်က ကြင်ကြင်နာနာ မိန့်တော်မူရှာတယ်။ ခင်ဆွေမြင့် ကျောင်းပေါ်ကပါသွားမှပဲ ကျွန်မတို့လည်း စကားအေးအေးဆေးဆေး ပြောခွင့်ရတော့တယ်။
___
မင်းမြတ်စိုးလေးစျာပနအပြီးတွင် ကျန်ရစ်သောသူ့အဖေနှင့်အမေက ရွာဦးကျောင်းတွင် နေ့စဉ်ရက်ဆက်အလှူတွေလုပ်ကြတယ်။ ကျန်ရစ်တဲ့မိသားစုလေးကိုကြည့်ပြီး ကျွန်မစိတ်ချမ်းသာလိုက်တာဆိုတာ။ ခင်ဆွေမြင့်ကိုတော့ တစ်ရွာလုံးမကြည်ကြ။ သူ့အိမ်ကို ခဲနဲ့အပေါက်ခံရတယ်လို့တောင် ကြားမိတယ်။
ရွာမှာဝင်မဆံ့တော့တဲ့ ခင်ဆွေမြင့်က နောက်ပိုင်းတော့ပြောင်းရွှေ့စာတင်ပြီး ရွာကထွက်သွားတယ်။ ခင်ဆွေမြင့်ပြောင်းသွားတော့ သူ့မိသားစုကို ရွာသားတွေက အရင်လိုပဲ ချစ်ချစ်ခင်ခင်ပြန်ဆက်ဆံလာကြတယ်။ ကျွန်မတို့ တောသူ၊တောင်သား ရွာသားများက စိတ်ထားဖြူစင်ကြတယ်။ ငါးခုံးမတစ်ကောင်ပုပ်နေရင် ပုပ်နေတဲ့ငခုံးမကိုပဲ အာရုံစိုက်ရမယ်မှန်း သိကြတယ်။
ကျွန်မရဲ့နေ့စဉ်ဘဝမှာတော့ အရင်လိုပဲ ကလေးတွေကို ဘာသာ၊ သာသနာ ရောင်ဝါနေသို့လင်းစေရန် ဆောင်ကျဉ်းပေးမယ့် သူများဖြစ်အောင် သွန်သင်မြဲ၊ ဆုံးမမြဲပဲ။ ကျွန်မလို ကလေးတွေကို ချစ်တတ်တဲ့၊ လူကြီးမိဘတွေရဲ့စကားကို မြေဝယ်မကျနားထောင်တဲ့၊ ဘာသာရေးလိုက်စားပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ စိတ်ထားမွန်မြတ်လှပသူတွေ မြန်မာပြည်မှာ အမြောက်အများလိုအပ်နေတယ်။ ကျွန်မတစ်သက်လုံး ဘုန်းဘုန်းတို့ရဲ့တရားဓမ္မတွေနဲ့ အတတ်နိုင်ဆုံးနီးနီးကပ်ကပ်နေပြီး၊ ခိုင်မာတည်တံ့တဲ့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်ကြီးဖြစ်စေဖို့ ကြိုးစားသွားမယ်ဆိုတာကိုတော့ သံဓိဌာန်ခိုင်ခိုင်မာမာချခဲ့ပြီးပြီပဲလေ။
လူများ ဥဒဟိုရွေ့လျားသွားလာနေရာမှ ထွက်ပေါ်လာသောခြေသံများသည် မိုးရေစွတ်ဖက်ဖက်ဖြစ်နေသော လမ်းများပေါ်တွင် ပုဆိုးစနှင့် ရေမျက်နှာပြင်ရိုက်ခတ်ခြင်းကြောင့် တဖတ်ဖတ်မြည်သံများနှင့်အတူ ရောယှက်ကာ ကြားနေရသည်။ လူတဦးတယောက်ချင်းစီ၏ ဟန်ပန်သွင်ပြင်လက္ခဏာများကို လေ့လာကြည့်လျှင် မတူကွဲပြားနေသော သီးသန့်ဖြစ်တည်နေသည့် အမူအရာ များကိုမြင်နိုင်သည်။ ထိုမှတဆင့်ထိုးဖောက်ကာ စူးစိုက်ကြည့်လျှင် ကျွန်တော်နှင့်အဆင်ပြေလောက်မည့်သူကို ရွေးချယ်ထုတ်ယူနိုင်သည်။ ကျွန်တော့်၏ဂျင်းဘောင်းဘီရှည်မှာ ဗွက်ရည်တချို့ကြောင့် ထိပ်ဖျားများတွင် ညိုညစ်ညစ်အရောင်များစွဲကပ်နေသည်။ ရှူးဖိနပ်မှာ ဗွက်တချို့စင်ထားသဖြင့် အရောင်ခပ်ညစ်ညစ်ဖြစ်နေသည်။ လူအများစုမှာလည်း ထိုနည်းလည်းကောင်း စိုဖတ်ဖတ်ညစ်ထပ်ထပ်ဖြစ်နေကြကာ တစက်စက်ရွာနေသော မိုးအပေါ် စိတ်ရှုပ်နေကြပုံပေါ်သည်။ လူတစ်ဦးသည် ကျွန်တော့်ရှေ့တည့်တည့်မှခပ်မြန်မြန်လျှောက်လာကာ ကျွန်တော့်ကို ပစ်တိုက်ချသွားသည်။ ကိုင်ထားသောထီးမှ မိုးရေစက်များသည် အတိုက်ခံရသော အရှိန်နှင့်အတူ စင်္ကြာတစ်ခုလည်ထွက်သလို ဖွားခနဲ လွင့်စင်ထွက်သွားသည်။ ထောင်းခနဲထွက်သွားသော ဒေါသနဲ့အတူ ထိုလူကိုလှည့်ကြည့်လိုက်သောအခါ ရှူတည်တည်မျက်နှာပေးဖြင့် ကျွန်တော့်အား ကြည့်နေသည်ကိုတွေ့ရသည်။ ထိုအကြည့်မျိုး၊ ထိုကဲ့သို့သော မျက်နှာအမူအရာမျိုးသည် ကျွန်တော့်အတွက် အလွန်ရင်းနှီးနေသယောင်ခံစားရသည်။ လမ်းမီးတိုင်အဝါရောင်အောက်တွင် အရောင်အားလုံးမှာ ဝါကျင့်ကျင့်ဖြစ်နေသဖြင့် ထိုလူ၏မျက်နှာမှာလည်း အဝါရောင်သမ်းနေသည်။ ထိုသူက ထွက်မသွားသေးဘဲ ကျွန်တော့်ဘက်ကိုပြန်လျှောက်လာသည်။ သူ့ရှေ့က ဗွက်အိုင်ထဲ ခြေထောက်ကို ခပ်ပြင်းပြင်းနင်းချလိုက်သဖြင့် ဗွမ်းခနဲ ခပ်အုပ်အုပ်အသံထွက်သွားသည်။ တလှိုက်လှိုက်တက်လာသော ဒေါသတို့မှာ ဖြည်းဖြည်းချင်းဆုတ်ခွာသွားကာ အန္တရာယ်၏အငွေ့အသက်ကို ရလိုက်သလိုမျိုး မျက်နှာကို ချက်ချင်းလွှဲပြီး ထိုသူနှင့်ဝေးရာဘက်ဆီမျက်နှာမူကာ ခပ်သုတ်သုတ်လျှောက်လိုက်သည်။
ရင်းနှီးကျွမ်းဝင်နေသယောင်ခံစားနေရသော ထိုသူ၏ မျက်လုံးများသည် ဖေဖေ့မျက်လုံးများနှင့် တိုက်ဆိုင်စွာ ကိုက်ညီမှုရှိနေသည်ကို သတိထားမိသည်။ ကြည်လင်နေသော အဖြူရောင်မျက်ဆံအတွင်း အညိုရောင်တောက်နေသဖြင့် အနက်ရောင်မျက်ဆံလေးကို ထင်ထင်ရှားရှားမြင်နိုင်နေသော မျက်လုံးမျိုးဖြစ်သည်။ ကျွန်တော့်အသက် ၁၂နှစ်အရွယ်အထိ ဖေဖေ့မျက်လုံးများကို စေ့စေ့မကြည့်ရဲခဲ့ပါ။ ပထမဆုံးအကြိမ် ဖေဖေ့မျက်လုံးများကို စူးစူးရဲရဲကြည့်ခဲ့မိသည့် အချိန်က ကျွန်တော့်၏ကျောပြင်မှာ အရှိုးရာထင်အောင် အရိုက်ခံခဲ့ရသောနေ့ဖြစ်သည်။ မေမေက တိမ်အကွယ်တွေ ပိတ်ဆို့ခံထားရသော လမင်းကြီးပမာ မဝံ့မရဲကြည့်ကာ ပါးစပ်ကလေးအဟောင်းသားဖြစ်နေရှာသည်။ ထိုနေ့က ကျွန်တော့်မှာ ဖြေရှင်းစရာဖြေရှင်းချက်ရှိခဲ့သော်လည်း ကျွန်တော့်စကားကို ဖေဖေတို့ ယုံကြည်မည်ဟုမထင်သောကြောင့် ပြောဆိုခြင်း အလျင်းမပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအခြင်းအရာများကို ဝတ္ထုငယ်တစ်ပုဒ်အနေဖြင့် ကျွန်တော်မှတ်သားထားခဲ့သည်။
တစ်ခါတုန်းက တောကြီးတစ်ခုအတွင်းမှာ ခွေးမျိုးနွယ်တွေ အုပ်စိုးကြပြီး တောတွင်းတိရစ္ဆာန်တွေဟာ သာတူညီမျှ မျှမျှတတနေထိုင်နေကြတယ်။ အချိန်တွေ ကြာလာတဲ့အခါမှာ ခွေးမျိုးနွယ်တွေနဲ့ နိုင်ငံရေးအရရော အင်အားအရပါ ပြိုင်ဘက်ဖြစ်လာကြတဲ့ ဝံပုလွေမျိုးနွယ်တွေ ပေါ်လာတယ်။ ဝံပုလွေတွေဟာ ကောက်ကျစ်တယ်လို့ နာမည်ကြီးကြပြီး ခွေးတွေကတော့ သစ္စာရှိပြီးကတိတည်ကြတယ်လို့ တောတွင်းတိရစ္ဆာန်အများစုက ယုံကြည်ထားကြတယ်။ ဒါ့ကြောင့် ဝံပုလွေတွေအနေနဲ့ ခွေးတွေရဲ့နေရာကို ယူဖို့အတွက်ဆိုရင် ခွေးတွေရဲ့ဂုဏ်သတင်းကို သူတို့နဲ့အတူတူဖြစ်အောင် ဆွဲချနိုင်ဖို့ လိုတယ်ဆိုတာကို ကောင်းကောင်း သဘောပေါက်ကြတယ်။ ဝံပုလွေတွေကို အုပ်စိုးတဲ့ လွင်ဇောဟာ နှလုံးနှစ်ခုရှိတယ်လို့ ကောလဟာလတွေရှိတယ်။ အဲဒါကြောင့် သူ့ကို သတ်မယ်ဆိုရင် နှလုံးနှစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့လိုတယ်ဆိုပြီး ယုံတမ်းစကားတွေ ရှိနေကြတယ်။ တစ်နေ့တော့ ဝံပုလွေခေါင်းဆောင်တွေက အခမ်းအနားတစ်ခုကို စုစည်းပြီး တောတွင်းတိရစ္ဆာန်တွေကို အဲဒီအခမ်းအနားဆီလာခဲ့ဖို့ဖိတ်လိုက်တယ်။ ခွေးခေါင်းဆောင် မော်လင်ကလည်း အဲဒီအခမ်းအနားကြီးဆီရောက်လာခဲ့တယ်။ တိရစ္ဆာန်တွေအကုန်လုံးက ပျော်ပွဲရွှင်ပွဲကြီး ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ကြပေမဲ့ မထင်ထားတာတွေဖြစ်လာပြီး လွေဇောရဲ့ အကြီးဆုံးသားငယ်လေးဟာ ဂုတ်မှာ အကိုက်ခံထားရတဲ့ဒါဏ်ရာနဲ့အတူသေဆုံးသွားခဲ့တယ်။ ပိုပြီး ထူးဆန်းတာက ဝံပုလွေလေးကို ကိုက်ချီထားတဲ့သူက ဂုဏ်သရေရှိပါတယ်လို့ ကောင်းသတင်းနဲ့ကျော်ကြားတဲ့ မာလင်ဖြစ်နေတာပဲ။
အဲဒီမှာတင် တိရစ္ဆာန်တွေ အားလုံး ခုံရုံးဖွဲ့ကြပြီး ဒီအမှုကြီးကို စစ်ဆေးကြတယ်။ လွင်ဇောကိုတော့ မမေးမြန်းကြဘဲ မာလင်ကိုပဲ မေးခွန်းအမျိုးမျိုးထုတ်ကြတယ်။ မာလင်ကလည်း အဖြစ်အပျက်တစ်ခုကိုပဲ ထပ်ခါတလဲလဲပြောတယ်။ သူပြောပုံအရတော့ အခမ်းအနားကို သူရောက်သွားတဲ့အခါမှာ ဘယ်သူမှ မရှိသေးဘူးဆိုပဲ။ အဲဒါကြောင့် လွင်ဇောရဲ့ ဂူထဲဝင်သွားခဲ့တဲ့အခါမှာတော့ လွင်ဇောရဲ့သားလေးဟာ ကြမ်းပြင်ပေါ်ကသွေးအိုင်ထဲမှာလဲနေတယ်တဲ့။ ဒါနဲ့သူလည်း ကိုက်ချီပြီး ဆေးဆရာကြီးဆီခေါ်သွားပေးဖို့အလုပ်မှာ လွင်ဇောကထွက်လာပြီး သူ့ရဲ့ကလေးကို သတ်လိုက်တယ်ဆိုပြီးစွတ်စွဲတယ်။ အဲဒါနဲ့ သူ မဟုတ်ကြောင်းရှင်းပြတဲ့အခါမှာ လွင်ဇောက လက်ကာပြပြီး သူတကယ်သတ်တယ်၊ မသတ်ဘူးဆိုတာ အရေးမကြီးတဲ့အကြောင်း၊ အရေးကြီးတာက တိရစ္ဆာန်တွေအနေနဲ့ အခုအချိန်မှာသာ မာလင်ကိုတွေ့လိုက်ရင် မာလင်ဟာ ပြိုင်ဘက်ကို ခြိမ်းခြောက်ပြီး ကလေးကိုသတ်လိုက်တဲ့သူတစ်ယောက်အနေနဲ့ မြင်သွားကြလိမ့်မယ်ဆိုတဲ့အကြောင်း၊ အဲဒါကြောင့် ဒီတစ်ခေါက်ရွေးကောက်ပွဲကို လက်လျှော့ပေးဖို့ဆိုတဲ့အကြောင်းတွေနဲ့ အကျပ်ကိုင်ခံရတာပါဆိုပြီး ပြောပြတယ်။ နောက်ပြီး သူယူလာတဲ့ဖိတ်စာကို တောင်းပြီး သူ့ရှေ့မှာတင်ဖျက်ဆီး ပစ်လိုက်တဲ့အကြောင်း၊ နောက်မှ ထပ်စဉ်းစားမိတာက သူတစ်ယောက်တည်းစောရောက်နေတာ သွေးရိုးသားရိုးမဖြစ်နိုင်တဲ့အကြောင်း၊ အဖြေက လွင်ဇောဖျက်ဆီးလိုက်တဲ့ ဖိတ်စာမှာ ရှိနေနိုင်တဲ့အကြောင်းတွေ လျှောက်လဲချက်ပေးတယ်။ နောက်ဆုံးမှာတော့ မာလင်က လွင်ဇောဟာ အာဏာရဖို့အတွက် သူ့သား၊ သမီးကို မစတေးရဲတဲ့ ဝံပုလွေတစ်ကောင်လို့ တကယ်ပဲ ယုံကြည်နေကြသလားဆိုပြီး တိရစ္ဆာန်တွေကို မေးခွန်းထုတ်သွားခဲ့တယ်။
ဓါတ်မီးတိုင်များ တစ်တိုင်ပြီးတစ်တိုင် ဖြတ်ကျော်လာပြီးသည့်နောက်မှာ အေးစက်စက်တိုက်ခတ်နေသောလေကြောင့် ကျောတလျှောက်စိမ့်ခနဲဖြစ်သွားသည်။ ခန္ဓာကိုယ်တလျှောက်ချွေးများ ခပ်စီးစီးထွက်နေသော်လည်း အေးစက်သောအထိအတွေ့ကကျောတစ်လျှောက် စီးဆင်းနေသလို ခံစားရသည်။ လူအုပ်များအတွင်းတိုးဝင်ပျောက်ကွယ်ကာ ခပ်သုတ်သုတ်ခြေရာဖျောက်ခဲ့သော်လည်း နောက်မှာတစုံတယောက်ရှိနေသည်ဆိုသော ခံစားချက်ကြီးကို ဖယ်ခွာလို့မရဖြစ်နေသည်။ လမ်းလျှောက်နေရာမှ နောက်သို့ခပ်ဖြည်းဖြည်းလှည့်ကြည့်လိုက်သောအခါ ဖြန်းခနဲကြက်သီးတစ်ချက်က ရေစီးကြောင်းများအဖြူရောင်ရေခဲလွှာများ အဖြစ် ရုတ်ချည်း ပြောင်းလဲအေးခဲသွားသလို ခံစားလိုက်ရသည်။
အရာဝတ္ထုတစ်ခုကို အသေးစိတ် ကျနသေသပ်စွာ လေ့လာတတ်သောအကျင့်သည် ဖေဖေရိုက်တာခံရပြီးနောက်ပိုင်းတွင်လည်း ပျောက်ကွယ်သွားခြင်းမရှိပါ။ ဖေဖေနှင့် မေမေနှစ်ယောက်လုံးက ကျွန်တော့်အပေါ် စိတ်ပူကြသည်။ ကျွန်တော့်၏အပြုအမူများ ရက်ဆက်လာရာမှ တဖြည်းဖြည်း အကျင့်တစ်ခုဖြစ်လာမည်ကို စိုးရိမ်ကြသည်။ မနက်စောစော ဝေလီဝေလင်းအချိန်တွင် ကျွန်တော်တို့ခြံကျယ်ကြီးဆီမှ ထွက်ကာ အနီးအနားတွင်ရှိသော တောစပ်ဆီသို့ဖြည်းဖြည်းချင်းလျှောက်သွားသော နေ့များတွင် စိုထိုင်းသိပ်သည်းသောရေငွေ့အပြည့်ပါသည့် လေထု၏အနံ့အသက်နှင့်အတူ အပင်မျိုးစုံနှင့် တိရစ္ဆာန်များ၏ အနံ့အသက်တချို့ရောပါလာသည်ကို ယခုအချိန်ထိ ထင်ထင်ရှားရှားခံစားမိသေးသည်။ အစိမ်းရောင်မြက်ပင်ရှည်များသည် ပြတ်ရှလွယ်သော ဘလိတ်ဓါးများသဖွယ် တောစပ်တစ်လျှောက် ဖြန့်ခင်းဧည့်ခံထားသည်။ ကျွန်တော့်၏ ခန္ဓာကိုယ်ယိုင်နဲ့နဲ့လေးမှာ လေအဝှေ့တွင် လွင့်မြောသွားနိုင်သော စက္ကူငှက်ကလေးတစ်ကောင်လို သဘာဝတရားနှင့်အသားကျစွာ တသားတည်းပေါင်းစပ်ပြီး ရွေ့လျားသွားလာနေသည်။
မာလင်ရဲ့ လျှောက်လဲချက်တွေကို လွင်ဇောကြားတဲ့အခါ ဒေါသတကြီးနဲ့ အလိမ်အညာတွေဖြစ်တဲ့ကြောင်း အော်ဟစ်ပြောဆိုတယ်။ တည်ငြိမ်မှုမရှိတော့တဲ့ လွင်ဇောဟာ သူ့စကားတွေ ရှေ့နောက် မညီတော့တာကို သတိမထားမိဘူး။ လွင်ဇောရဲ့ စကားတွေပျက်ယွင်းလာလေလေ မာလင်က ပိုပိုပြီးတိုက်ခိုက်လာလေနဲ့ နောက်ဆုံးတော့ လွင်ဇောက မခံနိုင်တော့ဘဲ မာလင်ဆီကို ဦးတည်ခုန်အုပ်လိုက်တယ်။ ဒေါသတွေ၊ မခံမရပ်နိုင်မှုတွေ၊ နာကျည်းမှုတွေနဲ့အတူ မာလင်ရဲ့ လည်မျိုကို ကိုက်ဖြတ်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာတင် ငိုက်ခနဲ ခေါင်းငိုက်စိုက်ကျပြီး အသက်ပျောက်သွားတယ်။ ခုံရုံးမှာ အန္တရာယ်ရှိတဲ့အပြုအမူကို လုပ်တဲ့သူဟာ သေဒါဏ်ကျနိုင်တယ်ဆိုတာကို သတိမရနိုင်တော့တဲ့ လွင်ဇောဟာ တစ်ချက်တည်းနဲ့ အသက်ပျောက်သွားခဲ့တယ်။ ဒါပေမဲ့ တိရစ္ဆာန်တွေ ထင်ထားသလို လွင်ဇောဟာ နှစ်လုံးနှစ်ခုရှိတဲ့သူ မဟုတ်ခဲ့ဘူးဆိုတာ သူသေပြီးမှ သိလိုက်ကြတယ်။ နှစ်လုံးနှစ်ခုရှိတဲ့ ဝံပုလွေဟာ လွင်ဇောမဟုတ်တဲ့ တခြားဝံပုလွေတစ်ကောင်ဆိုတာရယ်၊ သူက သူ့ရဲ့မဟာအကြံအစည်တွေ၊ ပျက်ဆီးရာပျက်ဆီးကြောင်းတွေကို တိတ်တဆိတ် ကြံစည်နေတယ်ဆိုတဲ့ ကောလဟာလကတော့ တိရစ္ဆာန်တွေကြားမှာ ပိုပိုပြီး ခိုင်မာလာခဲ့တယ်။ အဲဒီ အဖြစ်အပျက်တွေ ဖြစ်ပြီးနောက်မှာတော့ ခွေးမျိုးနွယ်ဟာ နိုင်ငံရေးလောကမှာ အင်အားအကြီးဆုံးဖြစ်လာခဲ့တယ်။
ကျွန်တော့်တွင် ဤကဲ့သို့ကိစ္စများကို သတိထားမိနိုင်သော ဖြတ်လတ်သည့် အမြင်အာရုံနှင့် အာရုံခံနိုင်စွမ်းရှိသလို ကျွန်တော့်၏ အပြုအမူများကို လူများမမြင်သာအောင် ဖုံးကွယ်သည့်နေရာမှာလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် လုပ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကျွန်တော့်ပါတ်ဝန်းကျင်က ခွေးလေးများ တစ်ကောင်ပြီးတစ်ကောင် ဗိုက်ခွဲထားခြင်းခံရပြီး ကိုယ်တွင်း ကလီစာများ ပျောက်ဆုံးနေခြင်းအပေါ် မည်သူကမှ ကျွန်တော့်အပေါ် သံသယမဝင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကြည်လင်စွာစီးဆင်းနေသော စမ်းချောင်းလေးတစ်လျှောက် ခွေးတစ်ကောင်၏ဗိုက်ကို အမြှောင်းလိုက် ခွဲချလိုက်ရာမှထွက်လာသော အနီရောင်သွေးများက စိမ်းမြမြရေပြင်ထက်မှာ နီစွေးစွေးပတ္တမြားများ ဖြန့်ကျဲသွားသလို အလှဆင်ပေးခဲ့သော်လည်း ယခုလို တုန်လှုပ်စရာကောင်းသော လှပမှုများသည့် ကျွန်တော့်အနားရောက်လာသော ဖေဖေ့၏ ခြေသံနှင့်အတူ ခြောက်ခြားစရာများ အဖြစ် ရုတ်ခြည်း ပြောင်လဲသွားသည်။ ကျွန်တော့်ခြေထောက်များ တရွတ်တိုက်ပါသွားသည်ကို မှတ်မိနေသေးသည်။
အညိုရောင်မျက်လုံးများမှာ ကျွန်တော်၏ ကျောနောက်တည့်တည့်တွင် နီးကပ်စွာ တည်ရှိနေသည်။ အော်ဟစ်ရန်ကြိုစားလိုက်သော ကျွန်တော်၏ပါးစပ်များပေါ်သို့ လက်ဖဝါးတစ်ဖက်ကအုပ်ကိုင်လိုက်ပြီး ကျွန်တော်၏ကျောနောက်ဘက်သို့စွေ့ခနဲဝင်ကာ လက်နှစ်ဖက်ကိုချုပ်ကိုင်လိုက်သော်လည်း အားကုန်သုံးကာ ရုန်းထွက်ပြီး အသံကုန်အော်ဟစ်လိုက်သည်။ သို့သော် မည်သူတဦးတယောက်မှ ထွက်ပေါ်လာခြင်းမရှိဘဲ ထိုသူကသာ ကျွန်တော့်ဆီ ခြေလှမ်း မှန်မှန်လျှောက်လာနေသည်။ တိုက်ခန်းများဆီမှ ချောင်းကြည့်နေကြသော မျက်လုံးများကို တဒိတ်ဒိတ်ခုန်နေသော ရင်နဲ့အတူ သတိထားမိသွားသည်။ နွမ်းခြုံးကျသွားသလို ညွှတ်ခွေနေသော ခြေထောက်များကို အားယူကာ ပြေးထွက်လိုက်သည်။ ဝဲပျံသွားသောထီးမှာ ရေစပ်စပ်ပေါ်တွင် တဲတဲကလေးတင်နေပြီး ရေစက်များက တဘောက်ဘောက်ရိုက်ခတ်နေသံမှာ ကျွန်တော့်ရင်ဘတ်ထဲမှ နှလုံးခုန်သံနှင့်အတူ ရောထွေးနေသည်။ ပြေးထွက်လိုက်သော်လည်း ခြေထောက်များက နေရာတွင်ပင်ကျန်ခဲ့သည်ကို ယခုမှ သတိထားမိသည်။ ထိုသူသည် တုန်လှုပ်ခြင်းအလျင်းမရှိဘဲ ကျွန်တော့်ဆီ ဖြည်းဖြည်းမှန်မှန်လျှောက်လှမ်းလာသည်။
ကျွန်တော်ပြောနေသည်ကို နားထောင်နေကြသော သူများသည် ကျွန်တော့်အပေါ်နားလည်နိုင်ရန်ကြိုးစားရင်း သူတို့၏ ကျွန်တော့်အပေါ်ခံစားမှု၊ အထင်အမြင်များ အပေါ်ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု အထင်မှားတတ်ကြသည်။ သူတို့သည် ကျွန်တော်ပြောသည်ကို နားထောင်နေကြခြင်းမဟုတ်ဘဲ ကျွန်တော်သည် သူတို့ကိုပြောပြနေခြင်းသာဖြစ်သည်။ သူတို့ကို မည်သို့မည်ပုံ ခံစားရမည်ကို ဖျားယောင်းနေခြင်းဖြစ်သည်။ ကျွန်တော်ပါးစပ်ဟလိုက်ကတည်းက သူတို့သည် ကျွန်တော့်၏အမဲလိုက်ခြင်းကို ခံရသော သားကောင်များ ဖြစ်သွားပြီးပြီဆိုသည်ကို သတိမမူမိခြင်းသည် အကောင်းဆုံးသော အမဲလိုက်နည်းတစ်မျိုးဖြစ်သည်။